AAက ပြန်လွှတ်ပေးလိုက်သူများကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များစစ်ဆေး

ရက္ခိုင့်တပ်တော်(AA)က ပြန်လွှတ်ပေးလိုက်သည့် အရပ်သား (၂၂)ဦးကို ယနေ့(နိုဝင်ဘာလ ၅ ရက်နေ့)၊ နေ့ လည် (၃)နာရီက စတင်ကာ လက်ရှိအချိန်ထိ ဘူးသီးတောင်မြို့ အမှတ်(၃)နယ်ခြားစောင့် ရဲစခန်းတွင်စစ်ဆေး လျက်ရှိသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

05 Nov 2019

စစ်ဆေးခံနေရသူများကို စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များကို ယနေ့နေ့လည်ပိုင်းက တွေ့ရစဉ်။

ချလူးအောင်|DMG

နိုဝင်ဘာ ၅၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က ပြန်လွှတ်ပေးလိုက်သည့် အရပ်သား (၂၂)ဦးကို ယနေ့(နိုဝင်ဘာလ ၅ ရက်နေ့)၊ နေ့ လည် (၃)နာရီက စတင်ကာ လက်ရှိအချိန်ထိ ဘူးသီးတောင်မြို့ အမှတ်(၃)နယ်ခြားစောင့် ရဲစခန်းတွင်စစ်ဆေး လျက်ရှိသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

အောက်တိုဘာလ (၂၆)ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခဲ့သူများအနက် အရပ်သား (၂၅)ဦးကို AA က ယနေ့ (နိုဝင်ဘာလ ၅ ရက်နေ့)တွင် ဘူးသီးတောင်မြို့နယ်၊ ငွေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ လွဲှ ပြောင်းပေးခဲ့သည်။ ထို့နောက် အရပ်သား (၂၂)ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေခြင်းဖြစ် သည်။

“အခုထိ ပြန်မလွတ်သေးဘူး။ (AA က)ပြန်လွှတ်လိုက်တဲ့သူတွေရဲ့ တစ်ဦးချင်းစစ်ဆေးချက်ကို ကွန်ပြူတာ စာစီပြီး လက်မှတ်ထိုး ခိုင်းနေတယ်။ မနက်ဖန် သမ္မတရုံးကိုအစီရင်ခံရမယ် လို့ပြောတယ်”ဟု စစ်ဆေးမှုပြီးစီးအောင် စောင့်ဆိုင်းနေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

AA သည် အောက်တိုဘာလ (၂၆) ရက်နေ့က ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာအနီးတွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ပြေးဆွဲနေသည့် ရွှေနဒီအမြန်ရေယာဉ်ကို တားဆီးကာ တပ်မတော်သား (၁၄)ဦး၊ ရဲတပ်ဖွဲ့ဝင်(၂၉)ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၂)ဦးနှင့် အရပ်သား (၁၃)ဦးတို့ကို ဖမ်းဆီးသွားသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

တပ်မတော်က ယင်းအနီးတစ်ဝိုက်ကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူအများအပြား သေဆုံးပြီး မိမိတို့ တပ်ဖွဲ့ဝင်တချို့လည်း ကျဆုံး၊ ဒဏ်ရာရရှိသွားသည်ဟု ရက္ခိုင့်တပ်တော်(AA)က အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများအနက် စုစုပေါင်း (၁၅)ဦးကို ကယ်တင်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ