ဘူးသီးတောင်တွင် လဝကအရာရှိ ၃ ဦးပျောက်ဆုံးနေမှု မြို့နယ်အုပ်ချုပ်ရေးမှူး အတည်ပြု

တောင်ပဇာနယ်မြေရှိ လဝကရုံးမှ လက်ထောက်ညွှန်မှူး ဦးတင်မျိုးမှာ ခွင့်ရက်ပြည့်မြောက်၍ တာဝန်ကျရာ တောင်ပဇာနယ်မြေသို့ ပြန်လာစဉ် ဘူးသီးတောင်မြို့မှ လာရောက်ခေါ်ဆောင်သည့် သူ၏တပည့်နှစ်ဦးနှင့်အတူ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By ချလူးအောင် 25 Dec 2019

ချလူးအောင် | DMG
ဒီဇင်ဘာ ၂၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပဇာနယ်မြေရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အရာရှိ ၃ ဦးသည် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့မှ တောင်ဘဇာကျေးရွာသို့ စက်လှေဖြင့်သွားစဉ် လမ်းခုလတ်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

တောင်ပဇာနယ်မြေရှိ လဝကရုံးမှ လက်ထောက်ညွှန်မှူး ဦးတင်မျိုးမှာ ခွင့်ရက်ပြည့်မြောက်၍ တာဝန်ကျရာ တောင်ပဇာနယ်မြေသို့ ပြန်လာစဉ် ဘူးသီးတောင်မြို့မှ လာရောက်ခေါ်ဆောင်သည့် သူ၏တပည့်နှစ်ဦးနှင့်အတူ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“လက်ထောက်ညွှန်မှူး ဦးတင်မျိုးက ခွင့်ပြည့်လို့ပြန်လာတာ။ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဘူးသီးတောင်ကို ပြန်ရောက်လာတယ်။ ၂၃ ရက်နေ့ တောင်ဘဇာကို သွားတဲ့စက်လှေမရှိလို့ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ သွားဖြစ်တယ်။ သူကိုလာကြိုတဲ့ တပည့် ၂ ယောက်ပါ ပါသွားတယ်” ဟု ၎င်းကဆိုသည်။

ပျောက်ဆုံးနေသူများမှာ တောင်ပဇာနယ်မြေ လဝကရုံးမှ လက်ထောက်ညွှန်မှူး ဦးတင်မျိုး၊ လက်ထောက်လဝကမှူး ဦးမျိုးဆွေဦး၊ လက်ထောက်လဝကမှူး ဦးအောင်ဖြိုးကျော်တို့ဖြစ်ကြောင်း ဘူးသီးတောင်လဝကရုံးမှ သိရသည်။

၎င်းတို့ပျောက်ဆုံးသွားသည့်နေရာမှာ ကျောက်ရစ်ကျေးရွာအနီးတွင် ဖြစ်သည်ဟု သိရကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဘူးသီးတောင်မြို့နှင့် တောင်ပဇာကျေးရွာသည် ၁၃ မိုင်ခန့်ကွာဝေးပြီး ယခုလဝကအရာရှိများ ပျောက်ဆုံးသွားသည့်ဆိုသည့် ကျောက်ရစ်ကျေးရွာသည် ဘူးသီးတောင်မြို့နှင့် ၁ မိုင်ခန့် ကွာဝေးသည်။

လတ်တလောမှာ အဆိုပါလဝကဌာနမှ အရာရှိ ၃ ဦးကို AA က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်လျက်ရှိကာ ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ၎င်းဖြစ်စဉ်အား မေးမြန်းဆဲဖြစ်ကြောင်း ပြောသည်။

ဗီဒီယိုများ