အိန္ဒိယအစိုးရမှလှူဒါန်းထားသည့်ပစ္စည်းများကို ဘူးသီးတောင်ရှိ စစ်ရှောင်များထံဖြန့်ဝေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒုက္ခသည်များအတွက် အိန္ဒိယ အစိုးရမှလှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့် လူအသုံးအဆောင်ပစ္စည်းများကို ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်များကို ယခုလတွင် စတင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

07 Mar 2020

ဝံသ(မောင်တော) | DMG

မတ် ၇ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒုက္ခသည်များအတွက် အိန္ဒိယ အစိုးရမှလှူဒါန်းထားသည့် စားနပ်ရိက္ခာနှင့် လူအသုံးအဆောင်ပစ္စည်းများကို ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်များကို ယခုလတွင် စတင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ပစ္စည်းများအား မတ်လ ၅ ရက်နေ့မှစတင်ကာ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၂၂ ခုတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည်ဦးရေ ၁၁၀၀၀ ကျော်အားပေးအပ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

“လူဦးရေ စုစုပေါင်း ၁၁၀၄၃ ဦးကို အိန္ဒိယလှူဒါန်းတဲ့ စားနပ်ရိက္ခာနဲ့ အခြားပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်။ နောက် ၂ နေရာလောက်ပဲ ကျန်ပါတော့တယ်” ဟု ၎င်းကဆိုသည်။

ဒုက္ခသည်များအား ယခုကဲ့သို့ထောက်ပံ့ပစ္စည်းပေးအပ်ရာတွင် လူတစ်ဦးကို တစ်နေ့ဆန် ၂ ဗူးနှုန်းဖြင့် (၁၈) ရက်စာ၊ တစ်အိမ်ထောင်လျှင် ပစ္စည်းရှစ်မျိုးပါ (၁)ဖာ၊ ဆီတစ်လီတာနှင့် တာပိုလိပ်စ ၁ ခုတို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အိန္ဒိယအစိုးရမှလှူဒါန်းသည့်ပစ္စည်းများအားပေးအပ်သဖြင့် ယခင်က(လူ၊ကယ်၊ပြန်)မှ လူတစ်ဦးလျှင် တစ်နေ့ဆန်(၂)ဗူးထောက်ပံ့မှုအား ၂ ပတ်ကြာရပ်ဆိုင်းထားကြောင်း စစ်ဘေးရှောင်စခန်းများမှ သိရသည်။

စစ်ဘေးဒုက္ခသည်များတွင် စားနပ်ရိက္ခာလိုအပ်နေတာသာရှိသဖြင့် ယခုကဲ့သို့ထောက်ပံမှုအား ရပ်ဆိုင်းမထားသင့်ကြောင်း ရန်အောင်မြေကျောင်းဆရာတော် အရိယာဝံသက မိန့်ကြားသည်။

“အခုက အိန္ဒိယအစိုးရကသီးသန့်လှူဒါန်းတာကို လူကယ်ပြန်က တစ်နေ့ဆန် ၂ ဗူးထောက်ပံ့တဲ့ အထဲမှာ ထည့်လိုက်တယ်။ ဒါကဘယ်လိုနည်းနဲ့မှမသင့်တော်တဲ့အရာတွေပါ။ စစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာ ပိုလျှံနေတာမရှိဘူး၊ လိုနေတာပဲရှိတယ်”ဟု ဆရာတော်က မိန့်သည်။

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးသောင်းငါးထောင်ကျော်တန်ဖိုးရှိ ဆန်အပါအဝင်စားနပ်ရိက္ခာများကို အိန္ဒိယအစိုးရမှ လှူဒါန်းထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ဦးရေ တစ်သိန်းသုံးသောင်းခန့်ရှိလာနေသည်။ အဆိုပါဒုက္ခသည်များသည် ဘုန်းတော်ကြီးကျောင်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်နေရပြီး အစားအသောက်၊ ဆေးဝါနှင့် အခက်အခဲများစွာရှိနေ ကြသည်။

ဗီဒီယိုများ