ဘူးသီးတောင်မြို့နယ်တွင် လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရံကျေးရွာအုပ်စု၊ ထိပ်တူးပေါက်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်ထံက သိရသည်။

21 Oct 2019

ချလူးအောင် | DMG

အောက်တိုဘာ ၂၁၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရံကျေးရွာအုပ်စု၊ ထိပ်တူးပေါက်ကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း မိသားစုဝင်ထံက သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့၊ ညနေပိုင်းက အသက် (၅၀)နှစ်အရွယ် ဒေါ်အာယေရှာခါတူသည် မိမိနေအိမ် ရှေ့တွင် ထိုင်နေစဉ် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာရရှိသွားကြောင်း ၎င်း၏အမျိုးသားဖြစ်သူ ဦးဆီရာဇူးက ပြောသည်။

“နေအိမ်ရှေ့ ကြမ်းပြင်မှာ ထိုင်နေတုန်း လက်နက်ကြီးကျည်စ ထိမှန်သွားတာပါ။ ခြေထောက်မှာ လာထိတာပါ။ အခုပစ်တာကတော့ ဘယ်သူပစ်တာလည်းတော့ မသိပါဘူး” ဟု ၎င်းက ပြောသည်။

ယမန်နေ့က အဆိုပါကျေးရွာပတ်ဝန်းကျင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား ဘူးသီးတောင်မြို့ဆေးရုံသို့  ပို့ဆောင်လိုက်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း မိသားစုဝင်များထံက သိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာမှ အသက် (၆၀)နှစ်အရွယ် ဒေါ်မညိုဆိုသည့်အမျိုးသမီးတစ်ဦးသည် မိမိနေအိမ်တွင်ရှိနေစဉ် ကျည်ဆန်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားပြီး ယိုးတရုပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

ဗီဒီယိုများ