လက်နက်မဲ့ ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်မှု ချက်ချင်းရပ်တန့်ရန် PPST တောင်းဆို

လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ပစ်ခတ်နှိမ်နင်းမှု ချက်ချင်းရပ်တန့်ရန် တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ တောင်းဆိုလိုက်သည်။

04 Apr 2021

DMG ၊ ဧပြီ ၄

လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ပစ်ခတ်နှိမ်နင်းမှု ချက်ချင်းရပ်တန့်ရန် တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ တောင်းဆိုလိုက်သည်။

ယခု ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် ဗီဒီယိုကွန်းဖရင့်စ်ဖြင့် အစည်းအဝေးပြုလုပ်ခဲ့ကြသည့် PPST ၏ ဆွေးနွေးညှိနှိုင်းမှုမှ အချက် ၅ ချက်အပါအဝင် ယင်းကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအားလုံးကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားသည်။

ပြည်သူလူထုတစ်ရပ်လုံးက ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးအပါအဝင် CDM လူထုလုပ်ရှားမှုများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု PPST က ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်သူ ၅၀၀ ကျော် သေဆုံးမှုအတွက် တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူရမည်ဟု PPST ၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က မနေ့က အစည်းအဝေးမှာ ပြောထားသည်။

ယင်းအပြင် KNU နယ်မြေအတွင်းရှိ ကျေးရွာများကို တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲချခြင်းကြောင့် ကရင်တိုင်းရင်းသားများမှာ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် နေရပ်စွန့်ခွာခဲ့ရသူများရှိနေ၍ ယင်းဖြစ်ရပ်အတွက် ဗိုလ်ချုပ်ကြီးက ကန့်ကွက်ရှုတ်ချသည်။

CRPH ၏ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းခြင်း ကြိုဆိုထောက်ခံကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကြေညာချက်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် PPST မှ ကြိုဆိုထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ပြန်လည်သုံးသပ်ခြင်းနှင့် နွေဦးတော်လှန်ရေး ဆင်နွှဲနေသည့် CDM လှုပ်ရှားသူများ၊ CRPH တို့ဖြင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းသွားမည်။ 

နွေဦးတော်လှန်းရေးကာလအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့၏ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက် ပစ်ခတ်မှုများကြောင့် ကျဆုံးသွားသွားခဲ့ကြသည့် ကလေးငယ်များ၊ ဆယ်ကျော်သက်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူပေါင်း (၅၀၀) ကျော်အတွက် တပ်မတော်ခေါင်းဆောင်များက တာဝန်ယူရမည့် အပြင် ပြည်သူလူထုက စီရင်ပေးသည့် ပြစ်ဒဏ်ကို မလွဲမသွေခံယူရမည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခုပါဝင်သည့် NCA – S EAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဗီဒီယိုများ