ပလက်ဝ စည်ပင်ကော်မတီဝင်ကို ပြန်လွှတ်ပေးရန် မိသားစုဝင်များတောင်းဆို

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည်ဆိုသော ချင်းပြည်နယ်၊ ပလက်ဝမြို့မှ စည်ပင်သာယာရေး ကော်မတီဝင် ဦးမြင့်မောင်အား အမြန်ဆုံးပြန်လွှတ်ပေးရန် ၎င်း၏မိသားစုဝင်များက တောင်းဆိုလိုက်သည်။

21 Dec 2020

ခင်သရဖီဦး | DMG
ဒီဇင်ဘာ ၂၁ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည်ဆိုသော ချင်းပြည်နယ်၊ ပလက်ဝမြို့မှ စည်ပင်သာယာရေး ကော်မတီဝင် ဦးမြင့်မောင်အား အမြန်ဆုံးပြန်လွှတ်ပေးရန် ၎င်း၏မိသားစုဝင်များက တောင်းဆိုလိုက်သည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၂ ရက်နေ့ ညအချိန်တွင် AA ယူနီဖောင်းဝတ်ထားသည့် လူအင်အား ၂၀ ခန့်မှ နေအိမ်သို့လာရောက်ပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

ယင်းသို့ ဖမ်းဆီးခံရသည်မှာ ရှစ်လကျော်ကြာမြင့်လာသည့်အချိန်ထိ မည်သည့်သတင်းမျှ မကြားရသောကြောင့် စိုးရိမ်နေရသည်ဟု ဦးမြင့်မောင်၏သမီး မသန့်ဇင်ယမင်းခိုင်က ပြောသည်။

“အခုက အဖေ့သတင်းနဲ့ပတ်သက်ပြီး ဘာမှလည်းမကြားရတော့ စိတ်ပူနေတာပေါ့၊ အဆက်အသွယ်လေးတော့ ရချင်တယ်” ဟု သမီးဖြစ်သူက ဆိုသည်။

ဦးမြင့်မောင်(အသက် ၅၀)နှစ်မှာ ယခင်က တပ်မတော်ထောက်လှမ်းရေးဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ညီညွတ်သောဒီမိုကရေတစ်ပါတီ(UDP)မှ ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် ဝင်ရောက်ရွေးကောက်ခံခဲ့သူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် လက်ရှိအချိန်ထိ စစ်ရေးပဋိပက္ခကာလ အတွင်း ဦးမြင့်မောင်အပါအဝင် အရပ်သား ၁၉ ဦးခန့် ပျောက်ဆုံးလျက်ရှိနေကြောင်း ချင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ(CISC) အတွင်းရေးမှူး ဆလိုင်းကျော်အောင်က ပြောသည်။

“ဖမ်းဆီးခံရတဲ့ မိသားစုဝင်တချို့က ခန့်မှန်းတာကတော့ ဒါက AA ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်းတာရှိတယ်၊ ဘာကြောင့်လဲဆိုတော့ ပျောက်တဲ့နေရာရယ်၊ ပျောက်တဲ့အချိန်ရယ်၊ အဲဒီအနီးဝန်းကျင်မှာရှိနေတဲ့ အနေ အထားက AA တွေများတယ်၊ ဆိုတော့ မိသားစုဝင်တွေက ပြောတာရှိတယ်” ဟု ဆလိုင်းကျော်အောင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကျောက်တော်မြို့မှ ဈေးဝယ်ပြီးပြန်လာသည့် ဆလိုင်းအောင်စိုးအပါအဝင် လူငယ် ၄ ဦးကို ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်အစပ် င/သရိုင်းကျေးရွာအနီးတွင် AA အဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ ယင်းနောက် တစ်လခန့်အကြာ သြဂုတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခံရသူများထဲမှ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဆလိုင်းအောင်စိုးကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်။

AA အနေဖြင့် တိုက်ပွဲကာလအတွင်း သံသယရှိသူအချို့ကို ခေါ်ယူမေးမြန်းမှုများရှိသော်လည်း အပြစ်မရှိက ပြန်လွှတ်ပေးနေကြောင်းနှင့် ပလက်ဝမြို့နယ်အတွင်း ပျောက်ဆုံးနေသည့်ဒေသခံများမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။

တပ်မတော်ကလည်း အပြစ်မဲ့အရပ်သားများ ဖမ်းဆီးခံရမှုရှိပါက သက်သေအထောက်အထားများနှင့်တကွ သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုထားသည်။

စစ်ရေးပဋိပက္ခကာလအတွင်း အရပ်သားများ ဖမ်းဆီးခံရပြီးနောက် သတင်းအစအနပျောက်ဆုံးနေမှုများမှာ ချင်းပြည်နယ်အပြင် ရခိုင်ပြည်နယ်တွင်လည်း အများအပြားရှိနေသည်။

ဗီဒီယိုများ