ALD ပါတီဝင်ဟောင်းတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ယနေ့ ဧပြီ ၁၄ ရက်၊ နံနက် ၉ နာရီခန့်က ကျောက်ဖြူမြို့၊ စေတီတောင်ကွင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

By Admin 14 Apr 2024

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ALD ကျောက်ဖြူမြို့နယ် ဥက္ကဌဟောင်းဖြစ်သူ ဦးထွန်းလွင်
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ALD ကျောက်ဖြူမြို့နယ် ဥက္ကဌဟောင်းဖြစ်သူ ဦးထွန်းလွင်

DMG ၊ ဧပြီ ၁၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကျောက်ဖြူမြို့နယ် ဥက္ကဌဟောင်းဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးထွန်းလွင်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယနေ့ ဧပြီ ၁၄ ရက်၊ နံနက် ၉ နာရီခန့်က ကျောက်ဖြူမြို့၊ စေတီတောင်ကွင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ကားအဖြူတစ်စီးနဲ့ လာဖမ်းသွားတာ။ လူအင်အား ၆ ယောက်လောက်ရှိတယ်။ တချို့က အရပ်ဝတ်နဲ့ဖြစ်ပြီး လက်နက်တွေလည်းပါတယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကိုတော့ မသိရသေးဘူး။ ဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာကိုလည်း စုံစမ်းနေတုန်းပါပဲ” ဟု ဦးထွန်းလွင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဦးထွန်းလွင်၏ နေအိမ်ကိုလည်း မွေနှောက်ရှာဖွေခဲ့ကာ ၎င်းအသုံးပြုသည် ကွန်ပျူတာ ၁ လုံးနှင့် လက်ကိုင်ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

ဦးထွန်းလွင်မှာ ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာဇာတိဖြစ်ပြီး ၂၀၁၄ ခုနှစ် ALD နှင့် RNDP ပေါင်စည်းပြီးနောက် ANP ပါတီဝင်အဖြစ် နိုင်ငံရေးထဲသို့ ဝင်ရောက်လာသူဖြစ်သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် ပြည်နယ်လွှတ်တော်နေရာကို တစ်သီးပုဂ္ဂလအဖြစ် ကျောက်ဖြူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျောက်ဖြူမြို့နယ် ALD ပါတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

ကျောက်ဖြူမြို့ခံ နိုင်ငံရေးသမားတစ်ဦးက “ANP ပါတီတွင်း အမြင်မတူမှုတွေကြောင့် ALD နဲ့ AFP ဆိုပြီး ရခိုင်ပါတီတွေ ကွဲခဲ့ရပေမယ့် ဦးထွန်းလွင်ကတော့ နိုင်ငံရေးသမား ပီသခဲ့ပါတယ်။ သူ့ဘက်က တက်နိုင်သလောက် မြို့အတွက်အကျိုးပြုခဲ့သလို အခုချိန်ထိ ပြည်သူတွေအတွက် ရပ်တည်နေတဲ့သူပါ” ဟု ပြောသည်။

ဦးထွန်းလွင်မှာ နိုင်ငံရေးလုပ်ယင်း အခြားတစ်ဘက်တွင်လည်း အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများကို ၎င်းနေအိမ်တွင် ကျောင်းဖွင့်၍ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကားပြောသင်တန်းကို သင်ကြားပို့ချနေသူဖြစ်ကြောင်း သိရသည်။

“ဆရာက ဦးထွန်းလွင်က ပရဟိတစိတ်ရှိတယ်။ လူငယ်တွေကို ပညာတတ်စေချင်တဲ့ဆန္ဒ သူ့မှာ အပြည့်အဝရှိတယ်။ ပြီးတော့ မြို့လူထုအပါအဝင် ဘယ်အသိုင်းဝန်းကပဲဖြစ်ဖြစ် သူ့ကို ချစ်ခင်လေးစားမှု ရှိကြတယ်။ အခုလို အဖမ်းခံရတော့ စိတ်မကောင်းဖြစ်ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလကလည်း NLD ပါတီဝင်ဟောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သောကြောင့် ကျောက်ဖြူမြို့နယ်ရှိ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများမှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များကို ထိန်းချုပ်ထားပြီး အာရက္ခတပ်တော် (AA)က မြို့နယ်အနှံ့ကို ထိန်းချုပ်ထားကာ နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိသည်။

ဗီဒီယိုများ