PPST မှ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးကူးစက်မှု များလာနေသဖြင့် အရေးပေါ်အခြေအနေတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ယနေ့ ဇူလိုင် ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

24 Jul 2021

DMG ၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးကူးစက်မှု များလာနေသဖြင့် အရေးပေါ်အခြေအနေတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ယနေ့ ဇူလိုင် ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းကော်မတီကို ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော်မျိုးဝင်း၊ ပဒိုစောတောနီး၊ စောမြရာဇာလင်း၊ ရဲဘောဆန်နီ၊ ဒေါက်တာ စိုင်းဦး၊ နိုင်အောင်မငေး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူး စောဟဲစေး၊ ဗိုလ်မှူး စောမှုးအယ်ဝါး စသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေသည့် ကိုဗစ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အမျိုးသားရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်သည့်အတွက် ယခုကဲ့သို့ ကော်မတီဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း PPST ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီဝင် တစ်ဦးဖြစ်သည့် ရဲဘော်မျိုးဝင်းက ပြောသည်။

“ဒီပြဿနာ ဖြေရှင်းဖို့အတွက်ကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်း အနေအထားမျိုးမဟုတ်ဘဲ အားလုံးပူး ပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကျွန်တော်တို့မြင့်တယ်” ဟု ပြောသည်။

ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီ (CSMC) အနေဖြင့် ရောဂါထိန်းချုပ်၊ ကုသရေးကို လျင်စွာလက်တွေ့ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်တွင်း Stakeholders များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ယခုဖွဲ့စည်းထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီအတွက် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ချမှတ်ထားခဲ့ပြီး ထိုလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

“အဓိက ပိုမိုကြိုးပမ်းမှာကတော့ အင်အားစုအားလုံးပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု သေချာစနစ်တကျ ပုံဖော်နိုင်တဲ့ အားလုံးလက်ခံနိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် အားလုံးပါဝင်တဲ့ အခြေအနေတစ်ခုရောက်ဖို့ အတွက်တော့ တွေ့ဆုံပြီး အခြေခံကောင်းတစ်ခုရအောင် ကြိုးပမ်းသွားမှာဖြစ်တယ်” ဟု ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခု ပါဝင်သည့် NCA – S EAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

PPST မှ ဖွဲ့စည်းထားသည့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီ( CSMC) သည် ကိုဗစ်ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရအခြေခံခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို ဦးစားပေးခြင်းဖြစ်သဖြင့် ပြည်တွင်းမှ သက်ဆိုင်သူအားလုံးက ဆောင်ရွက်သင့်ကြောင်း PPST က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုနှုန်း မြင့်တက်နေသကဲ့သို့ သေဆုံးသူများလည်း တစ်နေ့တစ်ခြား တိုးလာနေသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ MoHs စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၅၈၈၇၀ ဦးနှင့် သေဆုံးသူ ၆၄၅၉ ဦးအထိ ရှိနေပြီဖြစ်သည်။

ဗီဒီယိုများ