ကျောက်ဖြူတွင် အသုံးပြုရန်မသင့်သည့် လက်နက်ခဲယမ်းအချို့ကို ဖောက်ခွဲဖျက်ဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အသုံးပြုရန်မသင့်သည့်(အန္တရာယ်ရှိ) လက်နက်ခဲယမ်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က အမှတ်(၅၄၃)ခြေမြန်တပ်ရင်း၏ အနောက်ဘက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

By ခိုင်မင်း 27 Dec 2019

ဒေသခံအများအပြားမှာ လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးမည်ကို မသိရှိသဖြင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။ (ဓာတ်ပုံ - Facebook)

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဒီဇင်ဘာ ၂၇ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အသုံးပြုရန်မသင့်သည့်(အန္တရာယ်ရှိ) လက်နက်ခဲယမ်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က အမှတ်(၅၄၃)ခြေမြန်တပ်ရင်း၏ အနောက်ဘက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးရာတွင် အများပြည်သူ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ တရားဝင်အကြောင်းကြားထားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ အကြောင်းကြားခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒိတ်လွန် လက်နက်ခဲယမ်းတွေကို ဖျက်ဆီးတာပါ၊ ကျနော်တို့ရုံးကိုလည်း စာတင်ထားလို့ရှိပါတယ်၊ ကျနော်တို့ဆီကလည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တရားဝင်စာထုတ်ပေးထားပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ အမှတ်(၅၄၂)ခြေမြန်တပ်ရင်း၊ အမှတ်(၅၄၃)ခြေမြန်တပ်ရင်း၊ အမှတ်(၃၂) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲနှင့် အမှတ်(၃၄)ခြေလျင်တပ်ရင်းမှ အသုံးပြုရန်မသင့်သည့် (အန္တရာယ်ရှိ) ခဲယမ်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီအထိ အမှတ်(၅၄၂)ခြေမြန်တပ်ရင်း၏ အနောက်ဘက်တွင် ဖောက်ခွဲဖျက်စီးပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးမည်ကို ကျောက်ဖြူမြို့နယ်မှ ဒေသခံအများအပြားမှာ သိရှိခြင်းမရှိသဖြင့် လက်နက်ကြီးပစ်ခတ်သည်ဟု ထင်မှတ်ကာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။

“ကျနော်တို့ အသံအကျယ်ကြီး ကြားလိုက်ရတာပေါ့။ ပြီးလို့ရှိရင် ကျောက်တလုံး အနောက်ဖက်ကနေပြီးတော့ မီးခိုးလုံးတွေတက်လာတာ မြင်လိုက်ရတယ်။ အဲဒီအနားက အိမ်တစ်ချို့ဆိုရင် တုန်ခါသွားတယ်လို့ပြောတယ်။ တော်တော်များများကတော့ လက်နက်ကြီးပစ်ခတ်တာ ဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြတာပေါ့” ဟု အမည်မဖော်လိုသည့် ကျောက်ဖြူမြို့နယ် တောင်ရင်းကျေးရွာသားတစ်ဦးက ပြောသည်။

ဗီဒီယိုများ