လက်နက်ကြီး ရွာထဲကျရောက်မှုကြောင့် ကျောက်တော်ဒေသခံတစ်ဦး ဒဏ်ရာရ၊ နေအိမ်တချို့ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ ဒုက္ကန်ချောင်းကျေးရွာတွင် နေဗီမှပစ်ခတ်လိုက်သည့် လက်နက်ကျည် ထိမှန်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By နှင်းနွယ် 05 Jun 2020



နှင်းနွယ် | DMG
ဇွန် ၅ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ ဒုက္ကန်ချောင်းကျေးရွာတွင် နေဗီမှပစ်ခတ်လိုက်သည့် လက်နက်ကျည် ထိမှန်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ်အချို့ ပျက်စီးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စစ်တွေဘက်မှ ကျောက်တော်သို့ ကုလားတန်မြစ်ကြောင်း အတိုင်းလာသည့် တပ်မတော်စစ်ရေယာဉ်တစ်စီးသည် ဇွန် ၄ ရက်နေ့ ည(၁၂)နာရီခွဲအချိန်ခန့်တွင် ဒုက္ကန်ချောင်းကျေးရွာ အနီးသို့ ရောက်ရှိချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ယင်းသို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒုက္ကန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမှ DMG သို့ ပြောသည်။

“နေဗီက လှမ်းပစ်တာနဲ့ ရွာသားတွေက ကြောက်ပြီးတော့ အကုန်ဆင်းပြေးကြပြီးတော့ အိမ်မှာရှိတဲ့ ဗုံးခိုကျင်းတွေမှာ ဝင်ပုန်းနေကြတယ်။ ဗုံးခိုကျင်းမရှိတဲ့လူတွေကတော့ အိမ်အောက် မှာဆင်းပြီး ပုန်းကြတယ်။ အခု ဒဏ်ရာရသွားတဲ့သူကလည်း အိမ်အောက်မှာပုန်းနေရင်းနဲ့ ကျည်လာထိသွားတာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ထို့သို့ပစ်ခတ်မှုကြောင့် ဦးသန်းမောင် ၄၃ နှစ်တွင် ပေါင်၌ ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့သော်လည်း ဒဏ်ရာမပြင်းထန် သည့်အတွက် ကျေးရွာအတွင်း၌သာ ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ် (၁၀)လုံးခန့် ပျက်စီးသွားပြီး ကျေးရွာသားပိုင် နွားတစ်ကောင်မှာလည်း လက်နက်ကြီးကျည်စ ထိမှန်သည့်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ကျောက်တော်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဆိုသည်။

အဆိုပါ ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေဗီမှ တစ်ဖက်သတ်ပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်း ကျေးရွာသားများကပြောဆိုကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ကြာမြင့်လာသည်နှင့်အမျှ အရပ်သား သေဆုံးသူများ ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် နေအိမ်ပျက်စီး ဆုံးရှုံးမှုများမှာ တဖြည်းဖြည်း များပြားလာနေသည်။

ဗီဒီယိုများ