စစ်ဆေးခံရန်ပျက်ကွက်သည်ဟုဆိုကာ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တစ်နှစ်ယာယီရပ်ဆိုင်း

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရေတစ်ပါတီကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ လာရောက်စစ်ဆေးခံရန်ပျက်ကွက်သည်ဟုဆိုကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ (၁)နှစ် ယာယီရပ်ဆိုင်းလိုက်သည်။

10 May 2022

Photo Credit - Online

DMG ၊ မေ ၁၀

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရေတစ်ပါတီကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ လာရောက်စစ်ဆေးခံရန်ပျက်ကွက်သည်ဟုဆိုကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ (၁)နှစ် ယာယီရပ်ဆိုင်းလိုက်သည်။

၎င်းပါတီအနေဖြင့် ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများနှင့်ပတ်သက်ပြီး လာရောက်စစ်ဆေးခံရန် နှစ်ကြိမ်တိုင်အကြောင်းကြားခဲ့သော်လည်း ပျက်ကွက်ခဲ့သဖြင့် မေလ ၂ ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ (၁)နှစ်ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု UEC ၏ ပေးပို့စာတွင်ဖော်ပြသည်။

ထိုသို့ ယာယီရပ်ဆိုင်းထားသည့် မေလ ၃ ရက်နေ့မှစ၍ တစ်နှစ်တာကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသော ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းစာရင်းများကို စစ်ဆေးခံနိုင်ရေးဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမည်ဟုလည်းဆိုသည်။

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ယာယီရပ်ဆိုင်ထားသည့် ကာလကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်၍ ပါတီကိုလည်းဖျက်သိမ်းမည်ဖြစ်ကြောင်း UEC ကအသိပေးထားသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ (၁)နှစ် ယာယီရပ်ဆိုင်းခံရသည့် UEC ၏ အသိပေးစာနှင့် ပတ်သက်ပြီး မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများထံ ဆက်သွယ်ရန်ကြိုးပမ်း ခဲ့သော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးပါ။

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပေါ် ရွေးကောက်ပွဲကော်မရှင်မှ အရေးယူလိုက်ခြင်းမှာ ပြည်သူထောက်ခံမှုရရှိထားသည့် အခြားပါတီအကြီးများအပေါ်သို့ သတိပေးသလိုဖြစ်နေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုရဲကပြောသည်။

"စစ်ကောင်စီ UEC ရဲ့ရည်ရွယ်ချက်က ရှင်းပါတယ်။ သူတို့အပေါ်ဆန့်ကျင်တဲ့ ပါတီမှန်သမျှကို ဖျက်သိမ်းတဲ့အထိ ပြုလုပ်မယ်ပေါ့။ အဲလိုလုပ်ရပ်အတွက်လည်း အခြားသောပါတီကြီးတွေဖြစ်တဲ့ NLD ၊ SNLD တို့အပေါ်ကို သတိပေးသလိုဖြစ်နေပါတယ်"ဟု ၎င်းကဆိုသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီကို ဇွန်လ ၃၀ ရက်နေ့တွင် နောက်ဆုံးထား စစ်ဆေးခံရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုလည်း အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းကာ စစ်ဆေးခံရန်အတွက် ပြီးခဲ့သည့်ဧပြီလ ၂၇ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲအတွင်း ရွေးကောက်ပွဲကော်မရှင်(UEC)မှ အသိပေးထားသည်။

ဗီဒီယိုများ