လွှတ်တော်အထူးအစည်းအဝေး မခေါ်ယူခြင်းမှာ ပြည်သူ့အသံများကို ပျောက်ဆုံးစေကြောင်း ဝေဖန်မှုများရှိနေ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီကြီး ၃ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် ၂၀၀ ကျော်က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုမှုအပေါ် ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ငြင်းပယ်ခဲ့သည်။

13 Jan 2021

ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၁၃ ၊ စစ်တွေ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီကြီး ၃ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် ၂၀၀ ကျော်က ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုမှုအပေါ် ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ငြင်းပယ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးသည့်အချိန်မှစ၍ ပြည်ထောင်စုလွှတ်တော် မကျင်းပသည့်မှာ နှစ်လခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် ကြားကာလတွင် ပြည်သူအသံများပျောက်ဆုံးနေပြီး ဆုံးရှုံးမှုများရှိကြောင်း ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

“အရင် ဦးသိန်းစိန်အစိုးရမှာ ရွေးကောက်ပွဲပြီးမှ နောက်ဆုံးအကြိမ် ခေါ်ခဲ့တာရှိတယ်။ အခုကတော့ ရွေးကောက်ပွဲ မတိုင်ခင်ကလည်းမခေါ်ဘူး၊ နှစ်လကျော်လောက်ကြာတယ်။ အခုလည်းမခေါ်တော့ ၅ လလောက် လွှတ်တော် အသံပျောက်နေတယ်။ အခုခေါ်ပါဆိုတော့လည်း မခေါ်ဘူး၊ ဒီအချိန်ကကာလတွေမှာ ပြည်သူ အသံတွေ၊ လွှတ်တော်အသံတွေ ပျောက်နေတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦး အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသား ပါတီမှ ၄ ဦး၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် ၂ ဦးတို့က ပြည်ထောင်စုလွှတ်တော်နာယကထံ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တောင်းဆိုရာတွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီပေါင်းပြီး ၂၅ ရာခိုင်နှုန်းကျော်ပါဝင်ကာ တခြား လွှတ်တော်ကိုယ်စားလှယ်များမှာ လွှတ်တော်ကျင်းပနိုင်ရန် အင်းအားတစ်ခုအနေဖြင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ထိုသို့တောင်းဆိုချက်တွင် ကျန်ရှိနေသည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရန်အတွက်လည်းကောင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို တင်ပြဆွေးနွေးနိုင်ရန်တို့အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၇ တို့အရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ အနည်းဆုံးလေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စုလွှတ်တော် နာယကက အထူးအစည်းအဝေးတစ်ရပ်ကို အမြန်းဆုံးခေါ်ယူကျင်းပရမည်ဟု ဖော်ပြထားသည်။

ယင်းသို့ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူရန် တင်ပြတောင်းဆိုသည့် အကြောင်းအရာများမှာ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုရမည့်ကိစ္စများ မဟုတ်သည့်အတွက်ကြောင့်ဟုဆိုကာ ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ငြင်းပယ်ခဲ့သည်။

ယင်းအပြင် လက်ရှိအချိန်မှာလည်း နိုင်ငံအတွင်း ကိုဗစ်ပျံ့နှံ့နေဆဲဖြစ်ပြီး လွှတ်တော်၏ ဒုတိယသက်တမ်းကာ လမှာ ရက်ပေါင်း ၂၀ ခန့်သာကျန်သည့်အတွက် အစည်းအဝေးဆက်လက်ကျင်းပပေးရန် အချိန်အကန့် အသတ်များရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုကဲ့သို့ လွှတ်တော်အစည်းအဝေးမခေါ်ယူသည့်အပေါ် ရခိုင်ပြည်နယ် USDP ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက “လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းကတောင်းဆိုရင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုပေးရမှာပေါ့၊ ဒုတိယအကြိမ်လွှတ်တော်မှာ ပြည်သူလူထုက အဆိုတင်သွင်းထားတာတွေ ရှိပါတယ်။ အဲဒါတွေအတွက် လွှတ်တော်သက်တမ်းမကုန်ခင် ဆောင်ရွက်ပေးသင့်တာကို ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။ ပြည်သူတွေအတွက် အဆုံးအဖြတ်မပေးခဲ့တာကြောင့် တတိယအကြိမ်လွှတ်တော်မှာ အဆိုနဲ့မေးခွန်းတွေ ပျောက်ပြယ်သွားမလားဆိုတာကို စိုးရိမ်ရတာပေါ့” ဟု ဆိုသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေငြာထားသည်။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များကို ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဖြစ်ကြောင်း လွှတ်တော်ဥပဒေတွင် ဖော်ပြထားသည်။

ဗီဒီယိုများ