လွှတ်တော်ကအတည်ပြုခဲ့သည့် အဆိုများကို သက်ဆိုင်ရာမှ အကောင်အထည်ဖော်မှုအားနည်းဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌပြော

ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြီးခဲ့သော အဆိုများကို သက်ဆိုင်ရာမှ အကောင်အထည်ဖော်ပေးမှု လွန်စွာအားနည်းနေပြီး ယင်းမှာ ဒီမိုကရေစီ၏ အနှစ်သာရကွာခြားမှုကို ဖော်ပြနေသည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

By နေရောင်မင်း 10 Feb 2020

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အား အဆိုပါအခမ်းအနားတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရခိုင်ပြည်နယ်သတင်း / Facebook Page)

နေရောင်မင်း | DMG
ဖေဖော်ဝါရီ ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုပြီးခဲ့သော အဆိုများကို သက်ဆိုင်ရာမှ အကောင်အထည်ဖော်ပေးမှု လွန်စွာအားနည်းနေပြီး ယင်းမှာ ဒီမိုကရေစီ၏ အနှစ်သာရကွာခြားမှုကို ဖော်ပြနေသည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံးဝင်း ဧည့်ရိပ်သာခန်းမတွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ပြည်နယ်လွှတ်တော်၏ သတင်းထုတ်ပြန်ရေး “ရခိုင်ပြည်နယ်သတင်း” ဖေ့ဘုတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းများသည် များသောအားဖြင့် ဒေသဖွံ့ဖြိုးရေးမေးခွန်းများဖြစ်ပြီး အဆိုများကိုလေ့လာကြည့်ပါက မိမိတို့ရခိုင်ပြည်သူများ၏ အမျိုးသားအကျိုးစီးပွားအတွက် တင်သွင်းသော အဆိုများဖြစ်သည်ဟုလည်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

လွှတ်တော် (၄)နှစ်တာကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၇၅၁ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၃၅၉ ခု၊ အတည်ပြုနိုင်ခဲ့သော အဆို (၆၅)ခုနှင့် မှတ်တမ်းတင်နိုင်ခဲ့သည့်အဆို (၆)ခု ရှိခဲ့သည်။

ယင်းကာလအတွင်းတွင် လွှတ်တော်၏ ဆောင်ရွက်မှုအပေါ် အားရကျေနပ်လောက်အောင် အောင်မြင်မှုမရှိခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်ပုံစနစ်တွင် အားနည်းချက်ရှိပါက လွှတ်တော်သည်လည်း အားနည်းချက်များရှိလာကြောင်း၊ ထို့ကြောင့် မိမိတို့လုပ်နိုင်သလောက် ဆောင်ရွက်ခဲ့သော်လည်း မျှော်မှန်းထားသလောက် အောင်မြင်မှုမရှိခဲ့ဟု ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

(၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်လွင်နှင့် လွှတ်တော်အကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကို ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်တွင်း အများဆုံးအနိုင်ရရှိသည့် ရခိုင်အမျိုးသားပါတီ(ANP)က ထိန်းချုပ်ထားပြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ယင်းပါတီက ရရှိခဲ့သည်။

ဗီဒီယိုများ