ရခိုင်လွှတ်တော်အစည်းအဝေးသို့ အစိုးရအဖွဲ့ တက်ရောက်မှု နည်းပါးခြင်းအပေါ် လွှတ်တော်ဥက္ကဌ ဝေဖန်

“ ကျွန်တော်ပြောချင်တာက အစိုးရအဖွဲ့ကခေါ်ခိုင်းလို့ ခေါ်ပေးရတဲ့အစည်းဝေးကို အစိုးရအဖွဲ့က ပိုပြီးတာဝန်သိဖို့လိုပါတယ်။ ကိုယ်တို့ခေါ်တဲ့ အစည်းဝေးကို ကိုယ်တို့မရောက်ဘူးဆိုရင် ဘယ်လိုပြောမလဲ မင်္ဂလာဆောင်တစ်ခုလုပ်မယ်ဆိုပြီးတော့ သတိုးသမီးနဲ့ သတိုးသားကို သက်ဆိုင်ရာ မိဘတွေက ပွဲလုပ်ပေးကြတယ်။ အဲဒီအခမ်းနားးနေ့ကျမှ အမျိုးသမီးဘက်မှ မိဘတွေမရောက်ဘူးဆိုတော့ အဲဒီမင်္ဂလာဆောင်ပွဲက သတိုးသမီးနဲ့ သတိုးသားကို သူ့ သမီးနဲ့ ရမှာကို မကျေနပ်လို့လားဆိုတဲ့ တွေးစရာမျိုးဖြစ်နေပြီ ”

13 Jun 2019

ခိုင်ရိုးလ/ DMG

ဇွန် ၁၃၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ခေါ်ယူမှုကြောင့် ပြည်နယ်လွှတ်တော်အစည်းအဝေးကို ယနေ့ ဇွန်လ ၁၃ ရက်နေ့ တွင် ကျင်းပခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့က တက်ရောက်သူနည်းပါးသောကြောင့် လွှတ်တော်ဥက္ကဌ ဦးစံ ကျော်လှက ဝေဖန်သည်။

ပြည်နယ်လွှတ်တော်တွင် “၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေး ဥပဒေကြမ်း”နှင့်ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ရန် အစိုးရဘက်က ခေါ်ယူခဲ့သော်လည်း အစိုးရ ဘက်က ဝန်ကြီး ၃ ဦးသာတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ဦးညီပုအပါအဝင် ဝန်ကြီးအချို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

“ ကျွန်တော်ပြောချင်တာက အစိုးရအဖွဲ့ကခေါ်ခိုင်းလို့ ခေါ်ပေးရတဲ့အစည်းဝေးကို အစိုးရအဖွဲ့က ပိုပြီးတာဝန်သိဖို့လိုပါတယ်။ ကိုယ်တို့ခေါ်တဲ့ အစည်းဝေးကို ကိုယ်တို့မရောက်ဘူးဆိုရင် ဘယ်လိုပြောမလဲ မင်္ဂလာဆောင်တစ်ခုလုပ်မယ်ဆိုပြီးတော့ သတိုးသမီးနဲ့ သတိုးသားကို သက်ဆိုင်ရာ မိဘတွေက ပွဲလုပ်ပေးကြတယ်။ အဲဒီအခမ်းနားးနေ့ကျမှ အမျိုးသမီးဘက်မှ မိဘတွေမရောက်ဘူးဆိုတော့ အဲဒီမင်္ဂလာဆောင်ပွဲက သတိုးသမီးနဲ့ သတိုးသားကို သူ့ သမီးနဲ့ ရမှာကို မကျေနပ်လို့လားဆိုတဲ့ တွေးစရာမျိုးဖြစ်နေပြီ ” ဟု လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

ထို့အပြင် လွှတ်တော်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အစိုးရ အဖွဲ့ တို့ အပြန် အလှန် လေးစားတန်ဖိုးထားသင့်ကြောင်းလည်း ၎င်းက ဆက်လက်ဆိုသည်။

“ အထူးသဖြင့် အခုလို ဘဏ္ဍာငွေ၊ ဘက်ဂျတ်နဲ့ပတ်သက်လို့ အစိုးရကခေါ်ခိုင်းတဲ့အခါ အစိုးရက တောင်းဆိုတဲ့ အစည်းဝေးဖြစ်တဲ့အတွက် ပိုပြီးတော့အလေးထားတက်ရောက်ဖို့လိုပါတယ်။ နောက်နောင်ကို အဲလိုမဖြစ်ရအောင် ကြိုးစားဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ် ” ဟု ဦးစံကျော်လှကပြောသည်။

ယနေ့ ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၄၇)ဦးအနက် (၂၈) ဦးသာ တက်ရောက်ခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးအစည်းအဝေးဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ဆိုသည်။

“လွှတ်တော်အစည်းဝေးဆိုတာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရော၊ အစိုးရအဖွဲ့ရော တန်ဖိုးထားဖို့လိုပါတယ်။ လေးစားဖို့လိုပါတယ်။ အစိုးရနဲ့ လွှတ်တော်ဆိုတာလည်း အပြန်လှန်ထိန်းကျောင်းကြတာပဲ။ ဒါကြောင့် အစည်းဝေးကို လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံလင်လင်တက်ရောက်ကြပါ။ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ လွှတ်တော်ကျင်းပတိုင်း တက်ရောက်ရမယ်ဆိုတဲ့ ဥပဒေမျိုးမရှိပါဘူး။ သို့သော် ဝတ္တရားအရ တက်ရောက်ဖို့ တာဝန်ရှိပါတယ်” ဟု ဦးစံကျော်လှက ပြောသည်။

အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် အများစုမတက်ရောက်နိုင်ခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ထံဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

 

 

ဗီဒီယိုများ