AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသည့် တောင်ကုတ်ဒေသခံကို ထောင်ဒဏ် ၂ နှစ်ကျော်ချမှတ်

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ယနေ့(မတ်လ ၁၄ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကျော်အပြင် ငွေဒဏ်တစ်သိန်းချမှတ်လိုက်ကြောင်း သိရသည်။

14 Mar 2022

DMG ၊ မတ်လ ၁၄

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို ယနေ့(မတ်လ ၁၄ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကျော်အပြင် ငွေဒဏ်တစ်သိန်းချမှတ်လိုက်ကြောင်း သိရသည်။

၎င်းကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈)ဖြင့် ထောင်ဒဏ် ၁၅ ရက်နှင့် ငွေဒဏ်တစ်သိန်းချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်က DMG သို့ပြောသည်။

ကိုအောင်ဝင်းနိုင်၏ဇနီးဖြစ်သူ မတွယ်တာစိုးက “သံတွဲခရိုင်တရုားရုံးကို အယူခံဆက်တက်သွားမယ်။ အပြစ်မရှိဘဲ ထောင်ကျသွားတာ စိတ်မကောင်းဘူး။ မတရားအသင်းနဲ့ဆက်စပ်တာ ဘာမှလည်းမရှိဘူး။ စိတ်မကောင်းဖြစ်မိတယ်”ဟု ပြောသည်။

ကိုအောင်ဝင်းနိုင်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် စစ်သားများကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းကို ပုဒ်မ-၁၇(၁)ဖြင့် တောင်ကုတ်မြို့ (၅၅၄)တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လိုင်စင်မဲ့ကားမောင်းသည်ဟုဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)ဖြင့်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက တရားလိုပြုကာ ကိုအောင်ဝင်းနိုင်ကို တရားစွဲဆိုခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းခဲ့သည်။ ယင်းနောက်ပိုင်းများတွင် AA သံသယဖြင့်ဖမ်းဆီးခံထားရသူများ၊ AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးခဲ့သလို AA ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ကြား နားလည်မှုသဘောဖြင့် တိုက်ပွဲများရပ်တန့်နေသည်။ ထိုသို့ ကာလများတွင် စစ်ကောင်စီတရားရုံးက AA သံသယဖြင့် ဖမ်းဆီးခံရသူကို ထောင်ဒဏ်ချမှတ်လိုက်မှုအပေါ် ပြည်သူများကြား ဝေဖန်မှုများထွက်ပေါ်လျက် ရှိနေသည်။

“ဘယ်လောက်ပဲ ငြိမ်းချမ်းရေးကိုလိုလားတယ်။ AA နဲ့ဆက်စပ်ပြီးဖမ်းထားတဲ့သူတွေကို လွှတ်ပေးမယ်လို့ ဘယ်လောက်ပြောပြော လက်တွေ့မှာ သူတို့လုပ်ရပ်တွေက သက်သေပြနေပါတယ်။ဒါတွေကသူတို့ကို ယုံကြည်လို့မရဘူးဆိုတာပြနေတယ်။ အရင်ကလည်းဒီလိုပဲ၊ အခုလည်းဒီလိုပဲလုပ်မှာပါပဲ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ဝေဖန်သည်။

ဗီဒီယိုများ