ရခိုင်တွင်ဖြစ်ပွားသည့် အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်းထုတ်ပြန်

ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် ဖြစ်ပွားသည့် အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)သို့ တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

02 Aug 2021

DMG ၊ သြဂုတ် ၂

ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူလူထုများအနေဖြင့် ဖြစ်ပွားသည့် အမှုအခင်းများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)သို့ တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်အတွင်းက မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿာနာများအပြင် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် အမှုအခင်းများအားလုံးကို အီးမေး(လ်)၊ တယ်လီဂရမ်၊ VK စသည့် လိပ်စာများမှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ထုတ်ပြန်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ဒေသမှာနေထိုင်တဲ့ပြည်သူတွေအတွက် ဥပဒေအရ တရားမျှတမှုရရှိအောင် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရေးပါပဲ" ဟု အေအေပြောခွင့်ရသူ ဦးခိုင်သုခကပြောသည်။

ULA ၏ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ယင်းကိစ္စရပ်များမှာ ရခိုင်ပြည်အတွက် မဖြစ်မနေလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“တစ်ချို့မြို့နယ်တွေမှာ လက်ရှိစစ်ကောင်စီရဲ့ တရားရေးမဏ္ဍိုင်တွေ၊ လုံခြုံရေးဆိုင်ရာဘက်တွေမှာ သွားတိုင်တန်းလို့မရတဲ့အခြေအနေတွေဖြစ်နေတယ်။ အောက်ခြေထိမလွှမ်းမိုးနိုင်တဲ့အပြင် ဥပမာ ပုဏ္ဏားကျွန်းလိုမြို့မှာ မြို့ပေါ်မှာဆိုရင် ရဲစခန်းမှာအမှုတိုင်လို့မရတဲ့အခြေအနေရှိတယ်။ ဆိုတော့ တိုင်ကြားမယ့်နေရာလိုအပ်တယ်ပေါ့” ဟု ဆိုသည်။

အမှုအခင်းများကို ULA ထံ တိုင်တန်းနိုင်ကြောင်း ဖော်ပြလိုက်သဖြင့် တိုင်တန်းမှုများရှိလာနိုင်ကြောင်း၊ သို့သော် ယင်းအမှုများအားလက်ခံရာ၌ ဥပဒေကြောင်းအရ စိစစ်မှု၊ စီရင်ဆုံးဖြတ်မှုများလုပ်ဆောင်ရန်လိုအပ်ကြောင်း ဦးခိုင်ကောင်းစံက ထောက်ပြပြောဆိုသည်။

ULA တရားရေးဌာနသို့ တိုင်ကြားမည်ဆိုပါက တိုင်ကြားသူများအနေဖြင့် နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ အခင်းဖြစ်စဉ် စသည့်အကြောင်းအရာများပါရှိရမည်ဖြစ်ပြီး တိုင်ကြားစာကို ကျူးလွန်ခံရသူဖြစ်စေ၊ ဆွေမျိုးတော်စပ်သူတစ်ဦးမှဖြစ်စေ တိုင်ကြားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှု ဖြစ်စဉ်ပြီးမြောက်သည်အထိ တိုင်တန်းသူ၏ ကိုယ်ရေးအချက်များကို မည်သူတစ်ဦးမျှမသိအောင် ထိန်းသိမ်းကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ဗီဒီယိုများ