ကိုကျော်သန်းလှိုင် ပြန်လည်လွတ်မြောက်လာ၊ စရဖ ဖမ်းဆီးခဲ့ဟုဆို

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ မနေ့က ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

30 Jun 2021

DMG ၊ ဇွန် ၃၀

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ မနေ့က ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဖမ်းဆီးသွားသူများမှာ စရဖ ဖြစ်ပြီး မျက်နှာဖုံးစွပ် ခါးပေါ်သေနတ်ထောက်၍ စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးသွားခြင်းဟု ကိုကျော်သန်းလှိုင်က ပြောသည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို ကိုကျော်သန်းလှိုင်က ယခုလိုပြောသည်။

“ ကျနော်ကို NUG ကို ဂျပန်လွှတ်တော်နဲ့ အစိုးရက အသိမှတ်ပြုဖို့အတွက် အဓိက ထောက်ပံ့ပေးတယ်ဆိုပြီးတော့ ဖမ်းတာ။ ကျနော်က NUG ကို ထောက်ခံမှုမရှိဘူး၊ ရခိုင်မှာ စစ်ပွဲတွေပြီးကတည်းက ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီနေတာပဲရှိတယ်လို့ ကျနော်က ရှင်းပြတယ်။ အဲဒါကြောင့် လွှတ်လာတာပါ။ သတ်တာ၊ ပုတ်တာတွေတော့ မရှိပါဘူး” ဟု ပြောသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှု ရှိမရှိကိုလည်း စစ်ဆေးမေးမြန်းမှုရှိကြောင်း၊ အေအေ၏ စစ်ဦးစီးချုပ်ကိုယ်တိုင်က မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေးအဖွဲ့ထံ ကိုကျော်သန်းလှိုင်အား ပြန်လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ကိုကျော်သန်းလှိုင်က ပြောသည်။

ပြည်ပမှ ပြန်လာသူများကို အချက်အလက် ရေရေရာရာမရှိဘဲ ဖမ်းဆီးခြင်းများ နောက်နောင်မလုပ်သင့်ကြောင်း၊ ဖမ်းဆီးခံရသည့် မိသားစုဝင်များအနေဖြင့်လည်း အလွန်စိုးရိမ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ကိုကျော်သန်းလှိုင်သည် ရခိုင်လူမှုရေးအသင်း (ဂျပန်) ၌ ၂၀၁၉-၂၀ ခုနှစ်တွင် ပြန်ကြားရေးမှူး၊ ၂၀၁၀- ၁၁ ခုနှစ်တွင် ဘဏ္ဍာရေးမှူး၊ ၂၀၁၁-၁၂ ခုနှစ်တွင် စာရင်းစစ်မှူး၊ ၂၀၁၂-၁၃ တွင် ဒုဥက္ကဌ၊ ၂၀၁၃-၁၄ - ၁၅ ခုနှစ်တွင် အတွင်ရေးမှူး၊ ၂၀၁၅ -၁၆-၁၇ ခုနှစ်တွင် ဥက္ကဌတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း ရခိုင်လူမှုရေးအသင်း (ဂျပန်) မှ သိရသည်။

ဗီဒီယိုများ