ရသေ့တောင်တွင် နယ်ခြားစောင့်ရဲနှင့် AA တို့ ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားအပါအဝင် ရဲတပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုရှိ

ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA)တို့ ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးမှုရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

By ကျော်မျိုးအောင် 23 Jun 2020

ကျော်မျိုးအောင် | DMG
ဇွန် ၂၃ ၊ ရသေ့တောင်

ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအနီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA)တို့ ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးမှုရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်ဖြင့်ထွက်လာစဉ် ကိုးတန်ကောက် ကျေးရွာအနီးတွင် AA မှ ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားတစ်ဦးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ကြောင်း တပ်မတော်က ဆိုသည်။

သေဆုံးသွားသည့် အရပ်သားတစ်ဦးမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ကားမောင်း၍လိုက်လံပို့ဆောင် ပေးသည့် အရပ်သားယာဉ်မောင်းဖြစ်ကာ ဒဏ်ရာရရှိသွားသည့်အရပ်သားမှာ ယာဉ်နောက်လိုက်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ သေဆုံးသွားသည့်အရပ်သားမှာ စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာမှ ဦးစောမျိုးအောင် ဆိုသူ ဖြစ်ပြီး မောင်တောသို့ ကုန်စည်များပို့ဆောင်ပြီးနောက် စစ်တွေသို့အပြန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကားပေါ်လိုက်ပါလာရာတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

သေဆုံးသူအရပ်သား ရုပ်အလောင်းမှာ မောင်တောဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မောင်တောဒေသခံ များက ပြောဆိုကြသည်။

အဆိုပါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ယနေ့(ဇွန်လ၂၃ ရက်)နေ့ နေ့လည်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဗီဒီယိုများ