မင်းပြားမြို့တွင် တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်၊ မင်းပြားမြို့တွင် ယနေ့ (ဇန်နဝါရီ ၁၀ ရက်) နံနက် ၅ နာရီကျော်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး/ငယ်များအပြင် ရဟတ်ယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

10 Jan 2024

မင်းပြားမြို့တွင် တိုက်ပွဲပြင်းထန်နေ

“အရုဏ်တက်မှာ နှစ်ဘက်တိုက်ပွဲ ဖြစ်ကြတာပါ။ အဲဒီမတိုင်မီ စစ်ကောင်စီက လက်နက်ကြီးနဲ့ ၁၂ ကြိမ်လောက် ပစ်ခဲ့တယ်။ တိုက်ပွဲက အခုအချိန်အထိဖြစ်နေတုန်းပဲ” ဟု မင်းပြားဒေသခံတစ်ဦးက နံနက် ၉ နာရီတွင် DMG ကို ပြောသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ကျိန်းတောင်စခန်းအပါအဝင် တပ်စခန်းအချို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများကြောင့် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်နှင့် ဦးစိုးတင့်ရပ်ကွက်မှ ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သိရသည်။ 

“အိမ်မှာ အဖေ ဒဏ်ရာရထားတယ်။ လူမှုကူညီရေးအသင်းတွေကိုလည်း ဆက်သွယ်လို့ အဆင်မပြေဘူး။ လေယာဉ်နဲ့ပစ်နေတော့ ဘယ်သူမှ မလာရဲကြဘူး။ ဒဏ်ရာက သွေးအများကြီးထွက်နေတော့ အရမ်းစိုးရိမ်တယ်။ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး” ဟု မင်းပြားမြို့မှ ဒဏ်ရာရှိထားသူတစ်ဦး၏ သမီးဖြစ်သူက DMG သို့ ပြောသည်။ 

မင်းပြားမြို့တွင် အရပ်သားထိခိုက်မှု အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

နောက်ထပ် မင်းပြားမြို့ခံတစ်ဦးကလည်း “စစ်ကောင်စီက လေယာဉ်နဲ့ မြို့ကိုဗုံးကြဲနေတယ်။ ဖုန်းပြောလို့ အဆင်မပြေသေးဘူး။ အခု ပုန်းခိုဖို့ ပြေးနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က မင်းပြားမြို့နယ်ရှိ ကမ်းနီတိုင်းဗဟို (၉) စစ်ကောင်စီ လေ့ကျင့်ရေးကျောင်းသို့ မင်းပြားမြို့ဘက်ကနေ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေသာပြင်နှင့် ဖားပြို(ချင်း)ကျေးရွာ အနီးတွင် AA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းနောက် မင်းပြားမြို့ခံအများအပြားမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြပြီး အချို့မှာ ငွေရေးကြေးရေးအခက်အခဲကြောင့် မပြောင်းရွှေ့နိုင်ကြဘဲ မြို့အတွင်းကျန်ခဲ့ကြကြောင်း သိရသည်။

ဗီဒီယိုများ