ရသေ့တောင်က ကျေးရွာ ၁၀ ခန့်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ကျေးရွာပေါင်း ၁၀ ခန့်ကို ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်၊ ည ၇ နာရီကျော်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 17 Jan 2024

ဓာတ်ပုံ - cincds
ဓာတ်ပုံ - cincds

ဘာထလေ၊ ညောင်ပင်လှ၊ မညှင်းတောင်၊ ပြားချောင်းကြီး၊ ထီးစွဲ၊ အမျက်တောင်၊ ပြိန်းတော၊ ရေစိုးချောင်း၊ ပြင်ဝန်း စသည့် ကျေးရွာများကို ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ည ၉ နာရီအထိ ဗုံးကြဲခဲ့ကြောင်း ဆိုသည်။ 

“လေယာဉ်နှစ်စီးနဲ့ လာပြီး ဗုံးကြဲသွားတာပါ။ ညနေပိုင်းကနေ ၉ နာရီ လောက်အထိ ပစ်ခဲ့ပါတယ်။ ရွာသားတွေ အကုန်လုံးကတော့ အဆင်ပြေတဲ့နေရာကို တိမ်းရှောင်နေကြတယ်” ဟု ဒေသခံတစ်ဦးက  ပြောသည်။ 

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု၊ နေအိမ်အဆောက်အအုံများ ပျက်စီးမှု အခြေအနေနှင့် ပတ်သက်၍ DMG က စုံစမ်းနေဆဲဖြစ်သည်။  

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှင့် ထောက်ပို့ယာဉ်များသည် ရသေ့တောင်မြို့နယ်က ကျေးရွာများအား အပြင်းအထန် လာရောက်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။ 

ဇန်နဝါရီ ၁၆ ရက်က ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ (၅၃၇) နှင့် (၅၃၈) တပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီကလည်း လက်နက်ကြီး/ငယ်များဖြင့် ခုခံတိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။       

ယနေ့ နံနက်ပိုင်းကလည်း ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိနေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်နေကြသည်။     

“ကျေးလက်ဒေသဖက်မှာ စစ်ကောင်စီစခန်းတွေ မရှိတော့ဘူး။ မြို့ပေါ်က ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈) တပ်ရင်းတွေလောက်ပဲ ရှိတော့တယ်။ ကျေးလက်ဖက်မှာ စစ်သားတွေမရှိပေမယ့်လည်း လေယာဉ်နဲ့ လာပစ်မှာကို ကြောက်နေရတယ် ” ဟု ရသေ့တောင်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ဇန်နဝါရီ ၁၅ ရက်ကလည်း မညှင်းတောင်တပ်စခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ AA ထံ လက်နက်ချအညံ့ခံခဲ့သည်။ 

ထို့ကြောင့် ယင်းအနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေအရ စစ်ပွဲအတွင်း လက်နက်ကိုင်နှင့် အရပ်သားကို ခွဲခြားမှုမပြုဘဲ တိုက်ခိုက်ခြင်း၊ ဒဏ်ခတ်အပြစ်ပေးသည့်အနေဖြင့် အရပ်သားများ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ရေရှည်ဒုက္ခခံစားရအောင် ရည်ရွယ်လုပ်ဆောင်ခြင်းများကို တားမြစ်ထားသည်။ 

ဗီဒီယိုများ