ဘူးသီးတောင်မြို့ ကွန်တိုင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲပြီးနောက် တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အရှေ့ဘက်ရှိ ကွန်တိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် တပ်မတော်နှင့် အေအေတို့ နာရီဝက်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

By ကျော်မျိုးအောင် 20 Sep 2020

ကျော်မျိုးအောင် | DMG
စက်တင်ဘာ ၂၀ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အရှေ့ဘက်ရှိ ကွန်တိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် တပ်မတော်နှင့် အေအေတို့ နာရီဝက်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကွန်တိုင်ကျေးရွာမှ ဒေါ်အဝင်းမေက “ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ မိုင်း ၂ လုံးပေါက်သံကြားတယ်။ သေနတ်သံတွေပစ်တာ နာရီဝက်လောက်ကြားရတယ်။ ကျွန်မတို့လည်း ချောင်းနံဘေးမှာ မိုးစိုခံပြီး ပုန်းနေခဲ့ကြရတယ်။ ကျွန်မတို့သိရတာက ငါးကန်မှာစခန်းချနေတဲ့ စစ်သားတွေက ၅၆၅ တပ်ရင်းကရိက္ခာယူပြီး အပြန်မှာ ကွမ်တိုင်ရွာနဲ့ တစ်မိုင်ခွဲလောက်အကွာမှာ မိုင်းနှစ်လုံးပေါက်ပြီး တိုက်ပွဲဖြစ်တာလို့ သိရတယ်” ဟု ဆိုသည်။

၎င်းကဆက်လက်၍ “စစ်သားတွေက ရွာသားတွေကို ဘာမှမလုပ်ခဲ့ပါဘူး။ ဝက်တစ်ကောင် ယူသွားတယ်။ ရွာအနီးသင်္ချိုင်းနဲ့ ရွာဝင်ဝတွေမှာ စစ်တပ်ကစခန်းတွေ ချထားတာတော့ရှိတယ်” ဟု ပြောသည်။

ကွန်တိုင်ကျေးရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိပြီး စက်တင်ဘာလ ၈ ရက်နေ့ကလည်း ရွာအနီးတိုက်ပွဲဖြစ်ပွား၍ မိသားစုအချို့ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိမှာ လက်လုပ်လက်စားမိသားစုအချို့သာ ရွာတွင်ကျန်နေခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ကွန်တိုင်ကျေးရွာအနီးတွင် ယနေ့ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုသည်။

“မိုင်းပေါက်တာတော့မှန်တယ်။ တစ်လုံးလား၊ နှစ်လုံးလားတော့မသိဘူး။ ဝက်တွေယူသွားတယ်ဆိုတာတော့ မသိရဘူး။ ယူသွားတယ်ဆိုရင် ကျွန်တော်တို့ကို အကြောင်းကြားလာမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အား ဖြတ်ဖောက်ထားသည့် မေယုတောင်ကျော်လမ်းရှိ ဒိုးတန်းချောင်းထဲတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စက်တင်ဘာ ၁၆ ရက် နေ့လည်ပိုင်းနှင့် စက်တင်ဘာလ ၁၇ ရက်နေ့တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဗီဒီယိုများ