ကျောက်ဖြူတွင် ပစ်ခတ်မှုဖြစ်ပွား

ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ပေါက်ပြင်ကျေးရွာအုပ်စု မြင်းပြင်ကျေးရွာ လမ်းဆုံအနီးတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေ(၆)နာရီကျော်အချိန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ပေါက်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က DMG ကိုပြောသည်။

By ခိုင်မင်း(ကျောက်ဖြူ) 11 Dec 2019

ခိုင်မင်း | DMG
ဒီဇင်ဘာ ၁၁၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ပေါက်ပြင်ကျေးရွာအုပ်စု မြင်းပြင်ကျေးရွာ လမ်းဆုံအနီးတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့ ညနေ(၆)နာရီကျော်အချိန်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ပေါက်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က DMG ကိုပြောသည်။

"ကြားတာကတော့ ပထမ ကျွန်တော်တို့ (၆)နာရီ (၄၅)မှာက မိုင်းကွဲသံတော့ အကြီး(၂)ချက်ကြားတယ်။ (၅)မိနစ်လောက်အကွာမှာတော့ လက်နက်ငယ်နဲ့ (၁၅)မိနစ်လောက် ပစ်တာပေါ့။ ဖြစ်တာကတော့ ပေါက်ပြင်ရဲ့အလွန် ရမ်းဗြဲကိုသွားတဲ့ခွဆုံကို မရောက်ခင် အဲဒီနားလေးမှာ ပစ်တာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါပစ်ခတ်မှုမှာ တပ်မတော်နှင့် ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခြင်းဟုတ်၊ မဟုတ် မသိရှိပေ။ မနက်ဖြန်သွားရောက် ကြည့်ရှုမှ အတိအကျပြောနိုင်မည်ဟု ၎င်းကဆိုသည်။

"တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖြစ်တာလား၊ သို့တည်းမဟုတ် ဘာတွေဖြစ်တယ်ဆိုတာတော့ မနက်ကျမှ စုံစမ်းပြီးမှ သိရမယ်" ဟု ဦးကျော်ကျော်ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်လို့မရခဲ့ပေ။

ဗီဒီယိုများ