ကျောက်ဆိပ်ကျေးရွာသားတို့အမှု ခံပြသက်သေများကို စစ်ဆေးနေ

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးတို့၏အမှုကို ယနေ့(မတ် ၃၁ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

31 Mar 2022

DMG ၊ မတ် ၃၁

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးတို့၏အမှုကို ယနေ့(မတ် ၃၁ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးထဲမှ ကိုမောင်ချေ၏ တရားခံပြသက်သေကိုစစ်ဆေးခဲ့ပြီး လာမည့်ဧပြီ ၇ ရက်နေ့တွင် တရားခံပြသက်သေတစ်ဦးကို စစ်ဆေးရန် ရုံးချိန်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG သို့ပြောသည်။

“ဒီနေ့ရုံးချိန်းမှာ တရားခံပြသက်သေတစ်ဦးကို စစ်ဆေးတယ်။ ကိုမောင်ချေရဲ့ တရားခံပြသက်သေကို စစ်တာပါ။ ကျောက်ဆိပ်မှာ သူနဲ့အတူလုပ်တဲ့ ပန်းရံလက်သမားလုပ်နေတဲ့ ဆရာကြီးက သက်သေလာဆိုတာ။ ကိုမောင်ချေက သူ့ဆီမှာပဲ ပန်းရံလုပ်နေတာဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး ထွက်ဆိုတာပေါ့”ဟု ဦးကျော်ညွန့်မောင်ကပြောသည်။

ကျောက်ဆိပ် ကျေးရွာသား ၅ ဦးအမှုတွင် တရားခံပြသက်သေ (၁၃)ဦးရှိသည့် တင်သွင်းထားသည့် အနက်(၈)ဦး စစ်ဆေးပြီးဖြစ်သည်။ ကျန်ရှိသည့် ၅ ဦးထဲတွင်လည်း သေဆုံးသွားသူ (၁)ဦး၊ နာမကျန်းဖြစ်နေသူ (၁)ဦး၊ သက်သေမှပယ်လိုက်သူ (၁)ဦးတို့ရှိနေသဖြင့် နောက်ထပ်တရားခံပြသက်သေအဖြစ် စစ်ဆေးရန် (၂)ဦးသာ ကျန်ရှိတော့သည်ဟု ဦးကျော်ညွန့်မောင်က ရှင်းပြသည်။

ကျောက်ဆိပ်ရွာသား ၅ ဦးတို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းကတရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၅)ဦးမှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြသည်။

ယင်းအမှုကို လက်ရှိတွင်စစ်ဆေးနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သောကြောင့် အမှုကို အမြန်ဆုံး စစ်ဆေးပေးရန် တရားသူကြီးထံသို့တောင်းဆိုလိုက်ပြီး သင်္ကြန်နှစ်ဆန်းတွင် ၎င်းတို့လွတ်မြောက်လာဖို့ မိသားစုဝင်တို့ကမျှော်လင့်နေကြသည်။

အမှုရင်ဆိုင်နေရသူ ကိုညီညီအောင်၏မိခင် ဒေါ်နီနီအေးက “အခုက အမှုစစ်လို့မပြီးသေးဘူး။ ၂ နှစ် ပြည့်တော့မယ်။ အန်တီတို့က အမှုကိုအရင်စစ်ပြီးချင်တယ်။ အမှုအကုန်စစ်ဆေးပြီးစီးမယ်ဆိုရင် လာမယ့်သင်္ကြန်နှစ်ဆန်းတစ်ရက်မှာ လွှတ်ဖို့မျှော်လင့်ထားတယ်။ တရားသူကြီးကိုလည်း တောင်းဆိုချင်တယ်။ ဒီအမှုကို သင်္ကြန်နှစ်ဆန်းတစ်ရက်မတိုင်မီ အရင်ပြီးအောင် စစ်ဆေးစေချင်တယ်။ ဒီမြန်မာနှစ်ကူးတစ်ရက်မှာ အစိုးရကလွှတ်ပေးဒါမှာ အန်တီတို့သားလည်းပါစေချင်တယ်”ဟု ယနေ့ရုံးထုတ်သို့ရောက်ရှိလာစဉ် DMG သို့ ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးကို စစ်ကောင်စီကပြန်လွှတ်ပေးခဲ့သော်လည်း AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး ပြန်လွှတ်လာခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သံယဖြင့် လက်ရှိတွင် အမှုဖွင့်ခံထားရသူ အကျဉ်းထောင်အသီးသီး၌ တရားရင်ဆိုင်နေရသူ ၇၀ ကျော်ရှိနေသေးကြောင်းလည်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းစာရင်းအရ သိရသည်။

ဗီဒီယိုများ