စစ်ရေယာဉ်ပေါ် ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး အကြမ်းဖက်မှုဥပဒေဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦး၏အမှုကို ဆက်လက်စစ်ဆေး

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီးနောက် စစ်ရေယာဉ်ပေါ်တွင်ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို ယနေ့(ဖေဖေါ်ဝါရီလ ၁၇ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ရုံးထုတ်ကာ အမှုအားဆက်လက်စစ်ဆေးခဲ့သည်။

17 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၇

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီးနောက် စစ်ရေယာဉ်ပေါ်တွင်ရိုက်နှက်စစ်ဆေးခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို ယနေ့(ဖေဖေါ်ဝါရီလ ၁၇ ရက်)တွင် စစ်တွေခရိုင်တရားရုံး၌ရုံးထုတ်ကာ အမှုအားဆက်လက်စစ်ဆေးခဲ့သည်။

အမှုတွင် တရားခံပြသက်သေ ၁၃ ဦးရှိသည့်အနက် ဖေဖော်ဝါရီလ ၉ ရက်နေ့က ၄ ဦးကိုစစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းတွင် တရားခံပြသက်သေနှစ်ဦးကိုစစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

“ဒီနေ့ပုဏ္ဏာန်းကျွန်းက တရားခံပြသက်သေ ၂ ဦးကို စစ်ဆေးတယ်။ တရားခံကို ထောက်ခံပြီးထွက်ဆိုကြတာပေါ့။ တရားခံပြသက်သေ ၇ ယောက်ကျန်သေးတယ်"ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က DMG ကိုပြောသည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ကဖမ်းဆီးခံခဲ့ရပြီးနောက် ရေယာဉ်ပေါ်တွင် စစ်သားများ၏ ထိုးကြိတ်၊ကန်ကျောက်နှိပ်စက်ခြင်းကို ခံခဲ့ကြရသည်။

၎င်းတို့ ၅ ဦးကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းသို့ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ကျေးရွာသားများမှာ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ ဖြစ်ကြသည်။

တရားရင်ဆိုင်နေရသူ ကိုကျော်ဝင်းဟိန်း၏ မိခင်ဒေါ်ခင်ညွှန့်ရီက “အပြစ်မရှိပဲခံနေရတာတော့ ဝမ်းနည်းတယ်။ အပြစ်ရှိလို့ဖမ်းထားတာရှိရင်ဖြေသိမ့်လို့ရသေးတယ်။ သူရှိတဲ့အချိန်က အိမ်မှာစားရေးသောက်ရေးဖူလုံတယ်။ အခုသူမရှိတော့ အန်တီပဲ အိမ်ခတွေ၊မီတာခတွေ အကုန်အဖက်ဖက်ကရုန်းကန်နေရတယ်။ သားကိုအမြန်ဆုံးလွှတ်ပေးပါလို့တောင်းဆိုချင်တယ်”ဟု ပြောသည်။

ကျောက်ဆိပ်ကျေးရွာသားများ ဖမ်းဆီးခံထားရသည်မှာ ၂ နှစ်ခန့် ကြာမြင့်လာနေပြီး ၎င်းတို့အမှုတွင် တရားလိုနှင့် လိုပြသက်သေများကိုစစ်ဆေးပြီးသဖြင့် တရားခံပြသက်သေများကို ဆက်လက်စစ်ဆေးလျက်ရှိပြီး မတ်လ ၃ ရက်နေ့ကို ထပ်မံရုံးချိန်းထားသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၂ နေ့က ပြည်ထောင်စုနေ့တွင် ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့်ဆက်စပ်သူ ၄၆ ဦးကို စစ်ကောင်စီကပြန်လွှတ်ပေးခဲ့သော်လည်း AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး ပြန်လွှတ်လာခြင်းမရှိသေးပေ။

လက်ရှိတွင် အကျဉ်း‌ထောင်အသီးသီး၌ AA နှင့်ဆက်စပ်ပြီး သံသယဖြင့်ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ဦးခန့် ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ စာရေးဆရာဝေဟင်အောင်ထံမှ သိရသည်။

ဗီဒီယိုများ