အာဏာအလွဲသုံးစားမှုများနှင့် အကျင့်ပျက်ခြစားမှုများကို ကင်ဆာရောဂါကဲ့သို့သတ်မှတ်၍ ကာကွယ်တားဆီးရမည်ဟု ဦးခိုင်သုခပြော

ရက္ခိုင့်တပ်တော်(ULA/AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကြားမှာဖြစ်ပွားနေသည့် အကျင့်ပျက်ခြစားမှုများကို အထူးဂရုတစိုက်ထားကာ အရေးတယူနှင့်ကိုင်တွယ်ဆောင်ရွက်နေကြောင်း ယနေ့(ဧပြီ ၅ရက်)နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောသည်။

05 Apr 2022

DMG ၊ ဧပြီ ၅

ရက္ခိုင့်တပ်တော်(ULA/AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကြားမှာဖြစ်ပွားနေသည့် အကျင့်ပျက်ခြစားမှုများကို အထူးဂရုတစိုက်ထားကာ အရေးတယူနှင့်ကိုင်တွယ်ဆောင်ရွက်နေကြောင်း ယနေ့(ဧပြီ ၅ရက်)နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကပြောသည်။

“အာဏာအလွဲသုံးစားမှုတွေ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လာရင်တော့ မိမိတို့ ULA/AAအနေနဲ့ လုံးဝ(လုံးဝ) လက်မခံရေးမူဝါဒပေါ်လစီကို ကျင့်သုံးလျက်ရှိပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

မိမိတို့အနေဖြင့် ရက္ခိုင့်တပ်တော်(ULA/AA)ကို တည်ထောင်ချိန်မှစပြီး အာရက္ခပြည်သူ့အကျိုးစီးပွားကို အမြဲဦးခိုက်ဆောင်နေသလို နောင်တွင်လည်း တစ်လက်မခန့်မလွဲကွာအောင် ကျင့်သုံးလုပ်ဆောင်သွားမည်ဟုဆိုသည်။

ထိုသို့လုပ်ဆောင်သည့်အတွက်လည်း ကနဦးကာလ အုပ်ချုပ်ရေးယန္တရားထူထောင်အချိန်နှင့်နှိုင်းယဉ်ကြည့်ပါက ယနေ့အချိန်တွင် အာဏာအလွဲသုံးစားလုပ်မှုများမှာ လျော့ကျလာနေသည်ဟု ဦးခိုင်သုခကပြောသည်။

“အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအနာဂတ်အတွက် ထူထောင်ရေးလုပ်နေချိန်မှာ လုံးဝလက်ခံလို့မရတဲ့ ကင်ဆာရောဂါလိုသတ်မှတ်ပြီးတော့ ကာကွယ်တားဆီးရမှာလည်းဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ပြည်သူများအနေဖြင့်လည်း အောက်ခြေဝန်ထမ်းများ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားလုပ်မှုများအား သက်ဆိုင်ရာတရားရေးဌာနသို့ တိုင်ကြားနိုင်သည်ဟု ဆိုသည်။

တစ်ဖက်မှာ ရခိုင်ပြည်အတွင်း၌ ရက္ခိုင့်တပ်တော်(ULA/AA) နာမည်ကို အလွဲသုံးစားလုပ်ကာ အဖွဲ့အစည်း၏ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်နေသူများလည်းရှိနေပြီး ထိုလူများအားစုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်သွားမည်ဟုပြောသည်။

“ကျွန်တော်တို့ အဖွဲ့အစည်းနာမည်ကိုသုံးပြီးတော့ မရိုးမသားလုပ်ဆောင်ကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရှိနေပါတယ်။အခုလို ကျွန်တော်တို့အဖွဲ့အစည်းနာမည်ကိုသုံးပြီးတော့ မရိုးမသားလုပ်နေတဲ့ဘယ်သူ့ကိုမဆို ကျွန်တော်တို့ဖမ်းဆီးစစ်ဆေးပြီးတော့ ပြစ်မှုထင်ရှားရင် အရေးယူနေတာတွေက ကျွန်တော်တို့ တို့ရဲ့မူဝါဒဖြစ်ပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

တချို့အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက အမှုကိစ္စတချို့ကို မရိုးသားသည့်ရည်ရွယ်ချက်ဖြင့် အသုံးချပြီး မိမိတို့အဖွဲ့အစည်းနှင့် ပြည်သူများကြားမှာ ယုံကြည်မှုနည်းလာအောင်၊ နားလည်မှုပျက်လာအောင် လုပ်ဆောင်နေခြင်းများအား ပြည်သူများအနေဖြင့်လည်းဂရုစိုက်ကြရန်နှင့် အတွင်းရန်သူကို သတိရှိရှိတိုက်ထုတ်ရန် AA က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တရားရေးဌာနသို့ တိုင်ကြားလာသည့်အမှုပေါင်း ၂၀၂၁ ခုနှစ်အတွင်းက ၃၈၃၈ မှု၊ ၂၀၂၂ ခုနှစ် သုံးလတာကာလအတွင်း ၁၈၄၅ မှုနှင့် စုစုပေါင်းအမှုပေါင်း ၅၆၈၃ ရှိကြောင်း သိရသည်။

ယင်းအထဲမှဖြေရှင်းပြီးအမှုပေါင်းမှာ ၂၀၂၁ ခုနှစ်အတွင်းက ၁၉၀၀ မှုနှင့် ၂၀၂၂ ခုနှစ် သုံးလတာကလတွင်း ၁၀၂၆ မှုဖြစ်ကာ တစ်နှစ်ကျော်အတွင်း ၂၉၂၆ မှုဖြေရှင်းနိုင်ခဲ့ပြီး နောက်ထပ်ဖြေရှင်းရန်အမှုပေါင်း ၂၇၅၇ ကျန်ရှိသေးကြောင်း သိရသည်။

ဗီဒီယိုများ