တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

 (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ) ရခိုင်ပြည်အတွင်းက ထူးခြားဖြစ်စဉ်များနှင့် သတင်းများအား စုစည်းဖော်ပြပေးလိုက်ပါသည်။

01 Oct 2021

စက်တင်ဘာ ၂၃

  • ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အုန်းသီးဈေးနှုန်းများ ယခင်နှစ်က တစ်လုံးကို ၅၀၀ ကျပ်အထိ ရှိခဲ့ရာမှ ယခုနှစ်တွင် အုန်းသီးတစ်လုံးကို ၁၀၀ ကျပ်သာ ရရှိလျက် ရှိရာ ၄ ဆခန့် ထိုးကျသွားခဲ့ကြောင်း မာန်အောင်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။
  • အနာဂတ်ပစ်မှတ်ပညာရေးဖောင်ဒေးရှင်းက ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်သင်တန်းတို့ ဖွင့်လှစ်၍ ရခိုင်ပြည်အတွင်းက လူငယ်များကို အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်မှ ကမာကောင်များရောင်းချရာတွင် ယခင်က ကမာကောင်တစ်လုံးကို ငွေကျပ်တစ်ထောင်ကျော် ဈေးရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကိုဗစ်ဖြစ်ပွားမှုများကြောင့် လက်ရှိမှာ ကမာကောင်တစ်လုံးကို ငွေကျပ် ၇၀၀ ခန့်သာရရှိတော့ကြောင်း သိရသည်။
  • စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုမှုကိုခံထားရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးညီပုမှာ စစ်တပ်ကဖမ်းဆီးစဉ် ရိုက်နှက်ခံခဲ့ရသည့်ဒဏ်ကြောင့် စက်တင်ဘာ ၂၁ ရက်နေ့က ဆေးရုံတက်ရောက်ကုသခဲ့ရသည်ဟု ၎င်း၏မိသားစုဝင်များက ပြောသည်။
  • ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလက ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမ(ရွာသစ်)ကျေးရွာတို့မှ ဒေသခံ ၁၈ ဦးမှာ မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည်မှာ တစ်နှစ်နှင့်ခုနှစ်လခန့်ကြာမြင့်လာနေပြီး ပျောက်ဆုံးနေသူများအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။
  • ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံရသည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ရခိုင်ကျောင်းသားလေးဦးအမှု အယူခံဝင်လျှောက်လဲချက်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ လက်ခံကြားနာခြင်းမရှိဘဲ အမှုကိုပလပ်လိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

စက်တင်ဘာ ၂၄

  • ရခိုင်ပြည်နယ်တွင် သစ်တောနှင့် ဒီရေတောပြုန်းတီမှုများကို ကာကွယ်နိုင်ရန်အတွက် အစားထိုးပျိုးပင် ၃၉၀,၀၀၀ ကို မြို့နယ်အလိုက် နှစ်စဉ်စိုက်ပျိုးပေးနေကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။
  • ရခိုင်ပြည်နယ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ၁ ရက်လျှင် ကျပ်သိန်း ၈၀၀ ဖိုးခန့် ပြည်မဘက်မှ ဝယ်ယူ စားသောက်နေရကြောင်း သိရသည်။
  • စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ချင်းပြည်နယ်အတွင်းက မြို့နယ် (၈)မြို့နယ်ဖြစ်သည့် ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ တွန်းဇံ၊ မတူပီ၊ ကန်ပလက်နှင့် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပြတ်တောက်နေ၍ ဒေသခံများ သတင်းသိရှိနိုင်ရန် ခက်ခဲနေကြောင်း ပြောဆိုကြသည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘာယေကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ မျက်စိခွဲစစ်ကုသရန် ငွေကြေးအထောက်အပံ့လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။
  • အခြေခံပညာသင်ကျောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ ၁လ ထပ်တိုးပိတ်မည်ဟု ကိုဗစ် ၁၉ ကာကွယ်၊ ထိန်း ချုပ်၊ကုသရေးဗဟိုကောင်မတီမှ စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာ ၂၅

  • စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် စိတ်ချစွာ ပညာသင်ကြားနိုင်ရန်အတွက် လာမည့်အောက်တိုဘာလတွင် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
  • ဒေါ်လာဈေး အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၃၀ ရာခိုင်နှုန်းအထိ ဈေးတက်လာနေကြောင်း လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
  • ရခိုင်မှ တန်ခိုးကြီးမဟာမုနိဘုရား သိမ်တော်တိုင်များ ပြုလုပ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်အထိ ပြီးစီးနေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့မှသိရသည်။

စက်တင်ဘာ ၂၆

  • လတ်တလောတွင် ဒေါ်လာဈေမြင့်တက်နေမှုကြောင့် ရန်ကုန်ဖက်တွင် ဆီဈေးနှုန်းများမြင့်တက်နေပြီး ရန်ကုန်မှရခိုင်သို့ ဆီသယ်ယူသည့်ကားစရိတ်များမှာလည်း မြင့်တက်လာနေသဖြင့် ရခိုင်တွင် စက်သုံးဆီဈေးများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကားလမ်းနံဘေးတွင် ဂျပန်နိုင်ငံထွက် ပန်းအလှပင်များကို စိုက်ပျိုးလျက်ရှိကြောင်း ယင်းပန်းပင်များ ဦးဆောင်စိုက်ပျိုးနေသူများထံမှ သိရသည်။
  • မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် သတ်မှတ်ထားသည့် စက်သုံးဆီဆိုင်များမှ စက်သုံးဆီများကို ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
  • ရခိုင်ပြည်နယ်တွင်ရှိသည့် မြေအိုးလုပ်ငန်းများမှာ ဝယ်ယူအသုံးပြုသူ နည်းပါလာနေသောကြောင့် ရပ်တည်ရန်ခက်ခဲလာသည်ဟု မြေအိုးလုပ်ငန်းလုပ်ကိုင်သူများမှ ပြောဆိုကြသည်။
  • ရခိုင်ပြည်နယ်တွင် မွေးမြူရေး ငါးနှင့် ပုဇွန်၊ ဂဏန်းတို့၏ အထွက်နှုန်းမှာ ပြည်တွင်းဖူလုံမှုပင်မရှိ၍ နည်းပညာ ပြောင်းလုပ်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

စက်တင်ဘာ ၂၇

  • ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ဂုံးဈေးများကျဆင်းလာသဖြင့် ဂုံးကောက်ယူရောင်းချနေသူများနှင့် ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ အဆင်မပြေမှုများ ရှိနေသည်။
  • မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ယဉ်ကျေးမှုဒေသကို UNESCO စာရင်းဝင်နိုင်ရေး မြို့သန့်ရှင်းမှုရှိရန်လည်းလိုအပ်သည်ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း တာဝန်ရှိသူက ပြောသည်။
  • လက်ရှိတွင်ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ရခိုင်ဒေသမှ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပုဇွန်ဈေးနှုန်းများမှာလည်း ပုံမှန်ထက်ဈေးမြင့်တက်နေသည်ဟု ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။
  • စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဆန္ဒပြခဲ့သည့် ဦးရဲခေါင်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ဘေးစီမံဥပဒေတို့အတွက် ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ၊ ဦးလူနီကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်၊ ကိုအောင်စိုးမိုးကို ဘေးစီမံဥပဒေဖြင့် ထောင်ဒဏ် ၅ လ အသီးသီးချမှတ်ခဲ့သည်။
  • ရခိုင်ပြည်အတွင်းက မြို့နယ်အများစုတွင် ကိုဗစ်ပိုးတွေ့ရှိမှု လျော့ကျလာနေသော်လည်း ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာများ ဆက်ရှိနေကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရ သိရသည်။
  • နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား ‌နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ငါးလတာအပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၈

  • မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ လူသွားလူလာများသည့်လမ်းသည် ချိုင့်ခွက်များဖြင့် ပျက်စီးနေပြီး ယင်းသို့ ပျက်စီးနေမှုများကို စက်တင်ဘာ ၂၇ ရက်နေ့တွင် စည်ပင်မှ ကျောက်၊သဲများဖြင့် ပြုပြင်ပေးခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရွံ့နွံများဖြစ်သွားခဲ့ကာ ဒေသခံများသွားလာရန် အဆင်မပြေဖြစ်သည့်အတွက် ဒေသခံပြည်သူများက ဝေဖန်ခဲ့ကြသည်။
  • လက်ရှိဆောက်လုပ်နေသည့်ကာလဖြစ်သည့် ဂွ-မန်ကျည်းငူ ကိုဆက်သွယ်ထားသော ဂွချောင်းကူးတံတား တည်ဆောက်ပြီးစီးပါက ရခိုင်ပြည်နယ်၏ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် များစွာအကျိုးရှိနိုင်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆိုသည်။
  • နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ်(Video Conferencing)ဖြင့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
  • မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၇ လကျော်အတွင်း ဖမ်းဆီးအရေးယူခံခဲ့ရသည့် သတင်းမီဒီယာသမားစုစုပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ကာ ယင်းတို့အနက် ၄၇ ဦးမှာ ယနေ့ထိ ဖမ်းဆီးခံထားရဆဲဖြစ်သည့်အတွက် ယင်းသတင်းသမားများကိုအမြန်ဆုံးလွှတ်ပေးရန် စက်တင်ဘာလ ၂၈ ရက်နေ့တွင် Burma News International(BNI)က တောင်းဆိုခဲ့သည်။
  • ရခိုင်ပြည်နယ်တွင် ဒေသခေါ် ကပ္ပလီဥ(ပီ‌လောပီနံဥ) ကို ကုန်ချောထုတ်လုပ်ပြီး ဂျုံအစားထိုးအဖြစ် အသုံးပြုနိုင်အောင်ထိ ထုတ်လုပ်ရန်ပြင်ဆင်နေကြောင်း သိရသည်။
  • ရခိုင်ရှိ ကိုယ်ဝန်ဆောင်များနှင့် ၂ နှစ်အောက်ကလေးငယ်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၁ သောင်းကျော်ကို ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးက လူမှုဝန်ထမ်းဦးစီးဌာနထံသို့ ပြန်လည် အပ်နှံလိုက်သည်ဟု သိရသည်။

စက်တင်ဘာ ၂၉

  • ရခိုင်ပြည်နယ်တွင်ရှိသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ ၁၀၀ ကို ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရပြီး လက်ရှိတွင် ၅၇ လုံးကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
  • ရခိုင်ပြည်နယ်မှ IDPs စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် (Sinovac)ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိရာ လက်ရှိ ၁၂ မြို့နယ်တွင် ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
  • COVID-19 တတိယလှိုင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်၏စီးပွားရေးမှာ ယခင်ကိုဗစ်ကာလများထက် စီးပွားရေးနှစ်ဆခန့် ကျဆင်းလာနေကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။
  • မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ်မှ အသက် ၁၈ နှစ်အောက်ရှိသည့် လူဦးရေ ၆ သန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။
  • ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စက်သုံးဆီတစ်ဂါလံကို တစ်သောင်းကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဆီရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။
  • လိပ်ဥများကို စားသုံးမှုများနှင့် မဆင်မခြင်ငါးဖမ်းမှုများကြောင့် မြန်မာနိုင်ငံရှိ ပင်လယ်လိပ်များ မျိုးတုန်းမည့်အရေးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ကလျာက ပြောခဲ့သည်။
  • ရခိုင်ပြည်နယ်အတွင်းရှိ ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဝမ်ဖိုက်ဒီရေတော စောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေးကော်မတီတစ်ခုကို စက်တင်ဘာ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
  • ရခိုင်ပြည်နယ်၊ မောင်တောမြို့ မောင်နီကျေးရွာတွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၁၉၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာ ၃၀

  • ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအသီးသီး၌ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန် စစ်ကောင်စီမှ ၂ ကြိမ်တိတိ ခေါ်ယူပြောဆိုခဲ့ကြောင်းသိရသည်။
  • မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျလာပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောခဲ့သည်။
  • ဟိုတယ်နှင့် တည်းခိုရိပ်သာများအား အချက်နှစ်ချက်ဖြင့်စစ်ဆေးပြီး COVID-19 Safe Service အသိအမှတ်ပြုတံဆိပ်များ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
  • အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရပြီးနောက် ပြန်လွတ်လာသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာသား (၅)ဦးကို ၎င်းတို့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်စခန်းမှ ပြန်လက်မခံသဖြင့် လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိဖြစ်နေကြောင်း ကာယကံရှင်များက ပြောခဲ့သည်။
  • ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုကြောင့် ပြည်ပမှ တင်သွင်းနေသည့် မီးဖိုချောင်သုံး စားသောက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ဈေးနှုန်းများ ရခိုင်ပြည်နယ်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှ အများဆုံး ၁၀၀ ရာခိုင်နှုန်းထိ ဈေး ဆက်လက်မြင့်တက်လျက် ရှိသည်။
  • ရခိုင်ပြည်နယ်၊ မြေပုံမွတ်ဆလင် IDP Camp တွင် ကိုဗစ်ကာလအတွင်း ရိက္ခာမလုံလောက်၍ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း စခန်းတွင်းနေထိုင်နေသူများက ပြောကြသည်။

ဗီဒီယိုများ