ရမ်းဗြဲက ULA တိုက်နယ်မှူးနှင့် ဒေသခံတစ်ဦးတို့၏ နေအိမ်ကို စစ်တပ်ဝင်စစ်

ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တိုက်နယ်မှူးနှင့် ဒေသခံတစ်ဦးတို့၏နေအိမ်ကို မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ယနေ့(မေလ ၂၆ ရက်) နံနက် ၈ နာရီကျော်ခန့်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

26 May 2022

DMG ၊ မေလ ၂၆

ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တိုက်နယ်မှူးနှင့် ဒေသခံတစ်ဦးတို့၏နေအိမ်ကို မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ယနေ့(မေလ ၂၆ ရက်) နံနက် ၈ နာရီကျော်ခန့်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အင်အား ၈၀ ကျော်ခန့်ပါဝင်သည့် အဆိုပါစစ်ကြောင်းသည် ရမ်းဗြဲမြို့နယ် သရက်ချိုကျေးရွာမှ စစ်ကားနှစ်စီးဖြင့် ယနေ့ရောက်ရှိလာကာ အဆိုပါပုဂ္ဂိုလ်နှစ်ဦးရှိ၊မရှိ မိသားစုဝင်များကို မေးမြန်းခဲ့ပြီးနောက် နေအိမ်တွင်မရှိသဖြင့် လှည့်ပတ်ကြည့်ရှုကာ ထွက်ခွာသွားသည်ဟု ရှာဖွေခံရသူ ကိုမောင်မောင်ကြီးက DMG သို့ပြောသည်။

“ကျနော့်ကို ဒီတစ်ခါနဲ့ဆို ၃ ခါရှိပြီ၊ လာရှာကြတာ။ သူတို့လာတော့ ကျနော်အိမ်မှာမရှိဘူး။ ကျနော့်မိန်းမကို ကိုမောင်မောင်ကြီးရှိလားဆိုပြီး အိမ်ရှေ့ကမေးတယ်တဲ့၊ ကျနော့်မိန်းမက မရှိဘူး။ အပြင်သွားတယ်ပြောတော့ ကျနော့်အိမ်ရှေ့မှာ အင်အား ၄၀ ကျော်လောက်ချထားပြီးတော့ လေးတောင်မြို့မြောက်ဘက်ကို ထွက်သွားကြတယ်”ဟု သူကဆိုသည်။

ကိုမောင်မောင်ကြီးကို ရှာဖွေရသည့်အကြောင်းအရင်းမှာ  ULA/AA နှင့်ဆက်စပ်နေသည်ဟု တိုင်ကြားသူရှိသောကြောင့် လာရှာခြင်းဖြစ်သည်ဟု ကနဦးလာရောက်ရှာဖွေချိန်တွင် စစ်တပ်ကပြောခဲ့ဖူးသည်။ ထို့နောက် ယခုနှစ်မတ်လတွင်လည်း ဒုတိယအကြိမ် လာရောက်ရှာဖွေခဲ့ကာ ယခုအကြိမ်မှာ တတိယအကြိမ်မြောက်ဖြစ်သည်။

“ကျနော်က (ULA/AA)မှာ အမာခံလည်းမဟုတ်ပါ။ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းကလည်း မဟုတ်ပါ”ဟု ကိုမောင်မောင်ကြီးက ပြောသည်။

အလားတူ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တိုက်နယ်မှူး၏ နေအိမ်ကိုလည်း မြန်မာစစ်တပ်က ဝင်ရောက်လာကာ အနီးပတ်ဝန်းကျင်တွက်နေထိုင်သူများကို စစ်ဆေးမေးမြန်းမှုများရှိခဲ့ကြောင်း အမည်မဖော်ပြလိုသည့် အဆိုပါတိုက်နယ်မှူးက DMG သို့ပြောသည်။

“ကျနော့်အိမ်မှာ တစ်ယောက်မှမရှိတော့ အိမ်နီးနားပတ်ဝန်းကျင်ကိုမေးတယ်တဲ့၊ တိုက်နယ်မှူးမရှိဘူးလား၊ ဘယ်သွားတာလဲ၊ ဘာလုပ်နေလဲဆိုပြီးတော့ မေးခဲ့တယ်“ဟု ၎င်းကဆိုသည်။

လေးတောင်မြို့တွင်နေထိုင်သည့် အဆိုပါတိုက်နယ်မှူးကို မြန်မာစစ်တပ်က ၆ ကြိမ်ခန့် လာရောက်ရှာဖွေခဲ့ဖူးကြောင်း သိရသည်။

လက်ရှိတွင် ကိုမောင်မောင်ကြီး၊ တိုက်နယ်မှူးနှင့် တိုက်နယ်မှူး မိသားစုဝင်များမှာ ဖမ်းဆီးခံရမည်ကိုစိုးရိမ်သောကြောင့် လုံခြုံသည့်နေရာတွင် တိမ်းရှောင်နေရသည်ဟု စစ်တပ်က အလိုရှိနေသူ နှစ်ဦးကပြောသည်။

တည်ငြိမ်အေးချမ်းနေသည့် လေးတောင်မြို့အား မြန်မာစစ်တပ်မှ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေသောကြောင့် ဒေသခံများ ကြောက်လန့်စိုးရိမ်နေရကာ ယခုကဲ့သို့ ရှာဖွေစစ်ဆေးနေမှုကို မလိုလားကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“လေးတောင်မြို့ဟာ အင်မတန်မှ အေးချမ်းတဲ့မြို့လေးပါ။ သူတို့အခုလို လာရောက်စစ်ဆေးမေးမြန်းတာတွေလုပ်နေတော့ ဒေသခံတွေလည်း ကြောင့်ကြစိုးရိမ်နေရတယ်။ သူတို့ အခုလို လာရောက်စစ်ဆေးမေးမြန်းမှုတွေလုပ်နေတာကို ကျနော်တို့မလိုလားဘူး။ ကျနော်တို့အေးအေးချမ်းချမ်းလေးပဲ နေချင်တယ်”ဟု ၎င်းကဆိုသည်။

ရက္ခိုင့်တပ်တော်က တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်အချိန်တွင် မြန်မာစစ်တပ်ကလည်း ရခိုင်ကျေးရွာများသို့ဝင်ရောက်ကာ ULA/AA နှင့်မပတ်သက်ရန် ပြောဆိုမှုများရှိနေသည်။ လက်ရှိတွင် ပြည်နယ်တွင်း နှစ်ဖက်စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ခြေရှိသည်ဟု AA ဘက်က ပြောထားသည်။

ဗီဒီယိုများ