ရခိုင်တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာသဖြင့် နှာခေါင်းစည်းဖြန့်ဝေသည့် ကန်ပိန်းပြုလုပ်

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိသည့် လူနာနှင့် သေဆုံးသူဦးရေ ပြန်လည်တိုးလာနေသဖြင့် ယနေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့)တွင် Mask (နှာခေါင်းစည်း)နှင့် Face Shield ဖြန့်ဝေမှုကို စစ်တွေမြို့ရှိ လူသွား၊လူလာများသည့် နေရာ(၇)နေရာတွင် ပြုလုပ်ခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။

By ကျော်သူဌေး 23 Nov 2020

ကျော်သူဌေး | DMG
နိုဝင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိသည့် လူနာနှင့် သေဆုံးသူဦးရေ ပြန်လည်တိုးလာနေသဖြင့် ယနေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့)တွင် Mask (နှာခေါင်းစည်း)နှင့် Face Shield ဖြန့်ဝေမှုကို စစ်တွေမြို့ရှိ လူသွား၊လူလာများသည့် နေရာ(၇)နေရာတွင် ပြုလုပ်ခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းများထံမှသိရသည်။

ရွေးကောက်ပွဲကာလတွင် လူစု၊လူဝေးများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲပြီးနောက် ပိုးကူးစက်မှုများလာနေသဖြင့် အစိုးရအဖွဲ့နှင့်ပူးပေါင်းကာ ပြုလုပ်ရခြင်းဖြစ်သည်ဟု ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုဇော်ဇော်ထွန်းက ပြောသည်။

“ရွေးကောက်ပွဲမှာ မဲထည့်ကြတယ်။ အောင်ပွဲခံကြတယ်။ ရွေးကောက်ပွဲအလွန်မှာနေပြီးတော့ ပိုးကူးစက်မှုတွေ များလာတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ကို ပြန်ထိန်းချုပ်ဖို့ဆိုပြီးတော့ အစိုးရကသုံးသပ်တယ်။ လူထုကိုပြန်ပြီး နှိုးဆော်တဲ့အနေနဲ့ အစိုးရနဲ့ပူးပေါင်းပြီးတော့လုပ်တာပါ” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

ယင်းအပြင် နောက်ရက်များတွင်လည်း မိမိတို့အဖွဲ့အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

ကိုဗစ်ရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်သဖြင့် လူသွား၊လူလာ များသည့်နေရာများမှတစ်ဆင့် ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်အောင် အသိပညာပေးခြင်းနှင့် ပြည်သူများ အနေဖြင့် အပြုအမူပြောင်းလဲစေချင်သည့်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“လူစု၊လူဝေးမလုပ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရရင်တော့ အဓိကအကာအကွယ်ဖြစ်တာက Mask ရယ် Face Shield ရယ်ဘဲလေ။ အဲဒီအတွက် မဖြစ်မနေရောင်းဝယ် နေရတဲ့ ဈေးဝယ်သူတွေကနေပြီးတော့ ကူးစက်တာမျိုးမဖြစ်ရအောင် အသိပညာပေးတဲ့သဘော၊ ပြီးရင် လူတွေ အပြုအမူပြောင်းလဲစေချင်တဲ့သဘောနဲ့လုပ်ရတာပါ” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယင်းအပြင် Mask နှင့် Face Shield များဖြန့်ဝေမှုကို ရခိုင်ပြည်နယ်အတွင်းမှ အခြားမြို့နယ်များတွင်လည်း လုပ်ဆောင်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာသေဆုံးမှုနှုန်းမှာ ဝ.၇ ရာခိုင်နှုန်းရှိပြီး လူတစ်ထောင်တွင် ၇ ဦး သေဆုံးနေခြင်းဖြစ်ကာ လက်ရှိအချိန်ထိ တစ်ပြည်နယ်လုံးတွင် ပိုးတွေ့လူနာစုစုပေါင်း ၂၈ ဦးအထိ သေဆုံးမှု ရှိလာသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၃၃၆၁ ဦးရှိပြီး ရောဂါကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရသူ ၃၁၄၀ ဦးရှိသည်။

ယခုလက်ရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေသူ ၂၂၁ ဦးရှိသည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ နိုဝင်ဘာလ ၂၂ ရက်နေ့ စာရင်းအရသိရသည်။

ဗီဒီယိုများ