ပြည်ပနိုင်ငံများတွင် ကိုဗစ်ပိုးသစ်တွေ့ရှိနေမှုကြောင့် မြန်မာပြည်သူများလည်း သတိထားကြရန် ကျန်းမာရေးဌာန တိုက်တွန်း

ကိုဗစ်ရောဂါပိုးသစ်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများတွင် ကူးစက်မှုမြင့်တက်နေသည်။

By Admin 25 Feb 2023

ပြည်ပနိုင်ငံများတွင် ကိုဗစ်ပိုးသစ်တွေ့ရှိနေမှုကြောင့် မြန်မာပြည်သူများလည်း သတိထားကြရန် ကျန်းမာရေးဌာန တိုက်တွန်း

DMG ၊ ဖေဖော်ဝါရီ ၂၅

ပြည်ပနိုင်ငံများတွင် ကိုဗစ်နိုင်တင်း ရောဂါပိုးသစ် (COVID-19 Omicron XBB Variant Coronavirus) ကူးစက်တွေ့ရှိမှု များပြားလာနေသဖြင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် ဂရုစိုက်ကြဖို့အတွက် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက တိုက်တွန်းထားသည်။

အဆိုပါ ကိုဗစ်ရောဂါပိုးသစ်မှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများတွင် ကူးစက်မှုမြင့်တက်နေသည်။ ရောဂါပိုးသစ်ကူးစက်ခံရလျှင် ခေါင်းကိုက်မူးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနှင့် အဆုတ်ရောင်မှုများ ဖြစ်ပေါ်တတ်ပြီး ယခင်ကိုဗစ်ရောဂါပိုးနှင့် အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါလက္ခဏာများကဲ့သို့ ဖျားနာချောင်းဆိုးမှုများ မရှိကြောင်း သိရသည်။

ရောဂါပိုးသစ်မှာ တခြားသော ကိုဗစ်မျိုးစိတ်ကွဲရောဂါပိုးများထက် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တတ်ပြီး  ကိုဗစ်ကာကွယ်ဆေးများကိုလည်း တိုက်ဖျက်စွမ်းရှိကြောင်း  သိရသည်။
သို့သော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းအားဖြည့်ဆေး (Booster) ကို အကြိမ်ပြည့် ထိုးနှံထားသင့်ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူများက တိုက်တွန်းသည်။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံအချို့နှင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြသူများတွင် အိုမီခရွန် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှုများ တွေ့ရှိနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် တွေ့ရသည်။

ထို့ကြောင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများကို လျော့ချပေးနိုင်သော COVID-19 ရောဂါကာကွယ်ဆေးများကို အသက် ၅ နှစ်နှင့်အထက် ပြည်သူအားလုံး အကြိမ်ပြည့် ထိုးနှံထားသင့်ကြောင်း တိုက်တွန်းထားသည်။

“ကာကွယ်ဆေးကတော့ ဘယ်မျိုးစိတ်ပဲဖြစ်ဖြစ်၊ ဘယ်အချိန်ဘာဖြစ်ဖြစ် ထိုးထားရမှာပေါ့။ အကြိမ်ပြည့်ထိုးထားရမှာ။ ကာကွယ်ဆေးထိုးထားရင်တော့ ခံနိုင်ရည်ရှိတာပေါ့၊ ကာကွယ်တာ ဖြစ်တယ်။ တကယ်လို့ ရောဂါကူးစက်ခဲ့ရင်တောင် ရောဂါမပြင်းထန်ဘူး”  ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဇော်ဇော်အောင်ကပြောသည်။        

COVID-19 ရောဂါကာကွယ်ဆေးများကို ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဆေးရုံကြီးနှင့် တရားသိစုရပ်ကွက်ဓမ္မာရုံတို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် အခမဲ့ ထိုးနှံပေးနေသည့်အပြင် တခြားမြို့နယ်များတွင်လည်း မြို့နယ်အလိုက် ကျန်းမာရေးဌာနများတွင် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးနေကြောင်း သိရသည်။

ရခိုင်တွင် ကိုဗစ်ကူးစက်မှုများ လုံးဝ မရှိတော့သည့်အတွက် လက်ရှိတွင် ပြည်သူများမှာ ကိုဗစ်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်စည်းကမ်းများကို လိုက်နာမှု လျော့နည်းသွားသည်ကို တွေ့ရကြောင်း ကိုဗစ်စောင့်ကြည့်ရေး အဖွဲ့အစည်းများက ဆိုသည်။

“ကျနော်မြင်တာကတော့ လက်ရှိ မြန်မာနိုင်ငံတွင်းမှာ လိုက်နာတဲ့သူ အဲဒီလောက်မရှိဘူးပေါ့။ ရခိုင်ပြည်မှာကျတော့ ပိုဆိုးတာပေါ့။ တစ်နိုင်ငံလုံးခြုံရင်တော့ ငါးယောက်တွေ့တာတို့ နှစ်ယောက်တွေ့တာတို့ရှိတာပေါ့။ သေဆုံးမှုကလည်း နည်းသွားတဲ့အခါကျတော့ လူတွေက သိပ်ဂရုမပြုကြဘူး။ ဒါပေမယ့်လည်း ဗစ်စည်းကမ်းနဲ့အညီ နေထိုင်ဖို့လိုသေးတယ် ဆိုတာကိုတော့ သတိပေးချင်ပါတယ်” ဟု Rakhine Covid-19 Watch အဖွဲ့              တာဝန်ခံ ဦးထွန်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ  နောက်ဆုံး ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၆၃၃,၉၀၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၉၀ ဦး ရှိကြောင်း သိရသည်။

#I005 

ဗီဒီယိုများ