မြန်မာနိုင်ငံတွင် ကူးစက်မှုမြန်ဆန်သည့် ဗီဇပြောင်း အိုမီခရွန်မျိုးကွဲ တွေ့ရှိလာ

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများထဲတွင် ကူးစက်မှုနှုန်းမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ခံထားရမှုကို တွေ့ရှိနေရသည်။

By Admin 24 Apr 2023

မြန်မာနိုင်ငံတွင် ကူးစက်မှုမြန်ဆန်သည့် ဗီဇပြောင်း အိုမီခရွန်မျိုးကွဲ တွေ့ရှိလာ

DMG ၊ ဧပြီ ၂၄

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများထဲတွင် ကူးစက်မှုနှုန်းမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ခံထားရမှုကို တွေ့ရှိနေရသည်။

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုသည် နေ့စဉ်များပြားလာနေပြီး ပြည်ပမှပြန်လာသူများတွင် ကူးစက်မှုပိုမိုတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးတွင် ဧပြီလ ၁၉ ရက်နေ့က ၃၉ ဦး၊ ၂၀ ရက်နေ့တွင် ၃၀ ဦး၊ ၂၁ ရက်နေ့တွင် ၁၅ ဦး၊ ၂၃ ရက်နေ့တွင် ၄၅ ဦးတို့ကို ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှု တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကူးစက်မှုကတော့ ဒီရက်ပိုင်းအတွင်းမှာ ပိုတွေ့လာတာတော့ အမှန်ပါပဲ။ ပြည်ပက ပြန်လာတဲ့သူတွေမှာ ကူးစက်မှု ပိုတွေ့ရှိရပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံတွင်း ကူးစက်ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်မယ့် လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် တခြားသော အိုမီခရွန် မျိုးကွဲများထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာအားဖြင့် ပိုမိုပြင်းထန်မှု မရှိကြောင်း သိရသည်။

ယခုတွေ့ရှိသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးသစ်များကို လက်ရှိအသုံးပြုနေသော ကိုဗစ်ဆေးဝါးများဖြင့် ကုသနိုင်သည့်အပြင် ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့်လည်း ရောဂါကူးစက်မှုကို ကာကွယ်နိုင်ကြောင်း သိရသည်။

“ကာကွယ်ဆေးထိုးနှံထားတာ ကောင်းပါတယ်။ ရခိုင်မှာက ကာကွယ်ဆေးလွှမ်းခြုံမှု တော်တော်ကောင်းနေတဲ့အတွက် ကူးစက်မှုမတွေ့ရဘူး။ ကာကွယ်ဆေး ထိုးနှံထားရင်တော့ ခံနိုင်ရည် ရှိမယ်ပေါ့။ ရောဂါကူးစက်ခဲ့ရင်တောင် မပြင်းထန်တော့ဘူး” ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က ကိုဗစ်ကာကွယ်ဆေးထိုးရန် အကြံပြုတိုက်တွန်းသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် အိုမီခရွန်ဗီဇပြောင်းမျိုးရိုးကွဲ အသစ်များ လျင်မြန်စွာ ကူးစက်မှုရှိနေပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည်။

ထို့ကြောင့် မြန်မာပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံပြီး အထူးဂရုပြုနေထိုင်ကြရန် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။

#I005

ဗီဒီယိုများ