ရခိုင်ဝန်ကြီးချုပ် စီးနင်းလာသည့် တပ်မတော်ရဟတ်ယာဉ် ပစ်ခတ်ခံရမှု မိမိတို့လက်ချက်ဟု AA ဝန်ခံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ်ကို မိမိတို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG သို့ပြောသည်။

By ဝင်းညွန့် 20 Feb 2020

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်များ၊ ဒဏ်ရာရကျောင်းသားများကို တွေ့ဆုံရန်အတွက် တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

ဝင်းညွန့် | DMG
ဖေဖော်ဝါရီ ၂၀၊ စစ်တွေ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာသည့် တပ်မတော်ရဟတ်ယာဉ်ကို မိမိတို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG သို့ပြောသည်။

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်တွေမြို့မှတစ်ဆင့် ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်များ၊ ဒဏ်ရာရကျောင်းသားများကို တွေ့ဆုံရန်အတွက် တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ် ရသေ့တောင်မြို့နယ်၊ အိုးဖောက်ကျေးရွာအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည်။

သို့သော် ဝန်ကြီးချုပ်နှင့်အဖွဲ့ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ်ဖြစ်၍ ပစ်ခတ်ခြင်းမဟုတ်ဘဲ စစ်ဘက်သုံးရဟတ်ယာဉ် ဖြစ်နေ၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု ခိုင်သုခ ကပြောသည်။

“ ကျနော်တို့လူတွေဟာ နေ့တိုင်းလိုလို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံနေရတယ်။ အဲဒီအတွက်ကြောင့်ပစ်တာ။ သူတို့ပါလို့ ပစ်တာမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့နေရာမှာ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် စစ်ဘက်သုံးရဟတ်ယာဉ်ကို အသုံးမပြုဖို့လိုတယ်လေ။ အဓိကတော့ စစ်ဘက်သုံးရေဟတ်ယာဉ်ဖြစ်လို့ ပစ်တာ”ဟု ၎င်းကဆိုသည်။

ထိုသို့ပစ်ခတ်စဉ် ရဟတ်ယာဉ်ကို ကျည်တစ်ချက်ထိမှန်သွားသောကြောင့် အပူအအေးလှိုင်း ပျက်စီးသွားသဖြင့် ဘူးသီးတောင်မြို့ဗျူဟာ၌ ပြန်လည်ပြုပြင်ခဲ့ရသည်ဟု အမည်မဖော်လိုသူ တပ်မတော်အရာရှိတစ်ဦးက ဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် မည်သူမျှ ထိခိုက်မှုမရှိပေ။

ဝန်ကြီးချုပ်တို့ ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စာသင်ကျောင်းပေါ်လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိသွားသည့် ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းကျေးရွာမှ ကျောင်းသား၊ကျောင်းသူများကိုတွေ့ဆုံခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့ပြင် ဘူးသီးတောင်မြို့ ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်များကိုလည်းတွေ့ဆုံခဲ့ကာ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်များအသုံးပြုကာ တိုက်ခိုက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဘူးသီးတောင်မြို့နယ်အပါအဝင် မြို့နယ်အများစုတွင်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင် တစ်သိန်းခြောက်ထောင်ကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေးအခက်အခဲများ ပေါ်ပေါက်လျက် ရှိသည်။

ဗီဒီယိုများ