မောင်တောတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား၊ ထိခိုက်မှုရှိ

မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့)၊ နေ့လယ် ၂ နာရီခန့်က မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဘက်ထိခိုက် ကျဆုံးမှုရှိခဲ့သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG သို့ ယနေ့ ပြောသည်။

05 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၅

မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့)၊ နေ့လယ် ၂ နာရီခန့်က မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဘက်ထိခိုက် ကျဆုံးမှုရှိခဲ့သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက DMG သို့ ယနေ့ ပြောသည်။

မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာစစ်တပ်၏ ခမရ (၃၅၂) စစ်ကြောင်းသည် AA တပ်စွဲထားသည့်နေရာသို့ ရုတ်တရက်ဝင်ရောက်ကာ လက်ဦးမှုယူပစ်ခတ်သည့် အတွက် ၄၆ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ဟု ၎င်းက ဆက်လက်ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့တွေ အခြေပြုထားတဲ့ နေရာကို ရုတ်ချည်းဝင်ရောက်လာပြီးတော့ ကျနော်တို့ဖက်က ကင်းသမားကို လက်ဦးမှုယူပစ်ခတ်တဲ့အတွက် ၄၆ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ ထိခိုက်ကျဆုံးမှုကတော့ ကျနော်တို့ဖက်က ကင်းစောင့်တဲ့ ရဲဘော်တစ်ဦးကျဆုံးသွားတာရှိတယ်။ မြန်မာစစ်တပ်ဖက်က လည်းရှိနိုင်တယ် ” ဟု ဦးခိုင်သုခက ပြောသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်ဖက်က AA တပ်ဖွဲ့ဝင်များရှိသည့်နေရာကို ရုတ်တရက်ဝင်ရောက်ပစ်ခတ်မှုသည် တည်ငြိမ်နေသည့် ရခိုင်ဒေသကို မတည်မငြိမ်ဖြစ်ပွားအောင် မြန်မာစစ်တပ်ဖက်က လုပ်လိုသည့်သဘောဟု ၎င်းက သုံးသပ်သည်။

“တိုက်ပွဲ ဆက်ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာ အများကြီးမူတည်တယ်။ သူတို့ဖက်က ဆက်ပြီး ထိုးစစ်ဆင်လာမယ်၊ အင်အားတွေ ထပ်ဖြည့်လာမယ်ဆိုရင် တိုက်ပွဲကတော့ ဆက်ဖြစ်နိုင်တဲ့ အခြေအနေအများကြီးရှိတာပေါ့ ” ဟု ဦးခိုင်သုခက ပြောသည်။
လက်ရှိအခြေအနေများကြောင့် ရခိုင်ဒေသ၏ တည်ငြိမ်မှုအနေအထားသည် ပိုပြီးပျက်ပြားသွားနိုင်သည့် အနေအထားရှိပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာနိုင်သည့် အနေအထားရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ယမန်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကျေးရွာအနီးရှိ နယ်စပ်ခြံစည်းရိုး မိုင်တိုင် ၄၅ တွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲသည် မိမိတို့နှင့် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု ဦးခိုင်သုခက ဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် နားလည်မှုသဘောဖြင့် အပစ်အခတ်ရပ်တန့်ခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် မောင်တောမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲ ရပ်တန့်နေသော်လည်း စစ်ရေးတင်းမာမှုများရှိနေသည်။ ရက္ခိုင့်တပ်တော်ဖက်ကလည်း ပြည်နယ်တွင်း သြဇာပိုမိုကြီးထွားလာအောင်ကြိုးစားနေပြီး မြန်မာစစ်တပ်ဖက်ကလည်း တစ်ရွာဝင်တစ်ရွာထွက်ကာ AA နှင့် မပတ်သက်ကြရန် သတိပေးမှုများရှိလာနေသည်။

ဗီဒီယိုများ