မြောက်ဦးတွင် ကိုဗစ်ကူးစက်ခံရသည့် ရဟန်းတစ်ပါး ပျံလွန်တော်မူ

ကိုဗစ်ရောဂါကူးစက်ခံထားရ၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ရဟန်းတစ်ပါးမှာ ယမန်နေ့ (မတ်လ ၂၅ ရက်)ညနေ ၅ နာရီခန့်တွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

26 Mar 2022

Photo Crd - CPMU Mrauk U

DMG ၊ မတ် ၂၆

ကိုဗစ်ရောဂါကူးစက်ခံထားရ၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ရဟန်းတစ်ပါးမှာ ယမန်နေ့ (မတ်လ ၂၅ ရက်)ညနေ ၅ နာရီခန့်တွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ထိုသို့ပျံလွန်တော်မူသွားသည့် ရဟန်းမှာ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှဖြစ်ပြီး သက်တော်(၃၅)နှစ်ရှိပြီဖြစ်ကာ အသက်ရှူကျပ်၍ ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ် ကျန်းမာရေးဌာနမှ သိရသည်။

“မနေ့က အသက်ရှူကြပ်ပြီးတော့ ညနေ ၅ နာရီကျော်လောက်မှာ ပျံလွန်သွားတာပါ။ ပန်းမြောင်းက ရဟန်းတစ်ပါးပါ။ မပျံလွန်ခင် ဆေးရုံမှာရက်ပေါင်း ၂၀ လောက် ဆေးကုသခံခဲ့ရပါတယ်။ အတွင်းဘယ်ရောဂါတွေဆိုတာတော့ ကျနော်တို့လည်း အတိကျမသိဘူး။ ဆရာဝန်ကြီးပဲသိပါတယ်”ဟု ကျန်းမာရေးမှူး ကိုမျိုးလှိုင်ကပြောသည်။

ကိုဗစ်ကူးစက်ခံရ၍ပျံလွန်တော်မူခဲ့သည့် ရဟန်း၏ရုပ်ခန္ဓာကို မီးသဂြိုလ်ရန် လိုက်ပါပို့ဆောင်ခဲ့သော အမည်မဖော်လိုသည့်ပရဟိတဆောင်ရွက်နေသူတစ်ဦးက “သူ့မှာ အဆုတ်ရောဂါဖြစ်နေတယ်။ တီဘီလည်းဖြစ်နေတယ်။ ကိုဗစ်လည်းကူးစက်ထားတယ်ဆိုတော့ အောက်ဆီဂျင်တွေအများကြီးပေးခဲ့ရတယ်။ ရက်ပေါင်း ၂၀ လောက်ဆေးကုသခဲ့ရပါတယ်။ ရောဂါအခံတွေလည်းများပါတယ်။ မနေ့ကပျံလွန်တော့ မနေ့ကပဲ မြောက်ဦးသုသာန်မှာသဂြိုလ်ခဲ့ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လ ၂၀ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူစုစုပေါင်း ၈၅၇ ဦးထိရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၈၄၇ ဦးရှိကာ လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရသူ ၁၀ ဦးထိရှိနေသေးသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရ သိရသည်။

ဗီဒီယိုများ