နယ်စပ်ခြံစည်းရိုးဖြဲ၍ ခိုးဝင်လာသော မူဆလင် ၆ ဦးဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ချောင်းပေါက်ဝအနီး ဧပြီလ ၈ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်ခန့်တွင် နယ်စပ်ခြံစည်းရိုးဖြဲ၍ ခိုးဝင်လာသော မူဆလင် ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

10 Apr 2021

ဓါတ်ပုံ - မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုးတစ်နေရာ။

DMG ၊ ဧပြီ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ချောင်းပေါက်ဝအနီး ဧပြီလ ၈ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်ခန့်တွင် နယ်စပ်ခြံစည်းရိုးဖြဲ၍ ခိုးဝင်လာသော မူဆလင် ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က “ ဟုတ်တယ်၊ မနေ့က ချောင်းပေါက်ဝစခန်းအနီးက ဖမ်းမိတာ။ အရေးယူသွားမှာ။ ဒီမှာက ပြန်လည် လက်ခံရေးစခန်းတွေလည်း မဖွင့်ရသေးဘူး။ ကိုဗစ်ကလည်း မပြတ်သေးဘူး။ ခွင့်ပြုချက်လည်းမရသေးဘူး။ ခွင့်ပြုချက်ရရင်တောင်မှ စခန်းတွေပိတ်ထားလို့ ဘာမှလုပ်မရသေးဘူး။ ဒါကြောင့် ၁၃ (၁) နဲ့ အရေးယူသွားမှာ။ ” ဟု ဆိုသည်။

နယ်စပ်ခြံစည်းရိုးဖြဲ၍ ခိုးဝင်လာသည့် မူဆလင်များမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ပြီး ၎င်းတို့မှာ ဆော်ကူရာ (ခ) တော်ရူပါ (၂၅)နှစ်၊ ဇော်မီရာ (၁၇) နှစ်၊ ရာဆအာမိတ် (၇) နှစ်၊ နူန်ရာဘီဘီ (၁၄) နှစ်၊ ဘီဘီဇရာ (၂၂) နှစ်၊ မာမောက်ဆူဖိုန် (၁၀) နှစ် ဖြစ်ကြသည်။

အရွယ်ရောက်သူများအား မောင်တောမြို့နယ်တရားရုံးတွင် ရမန်ယူကာ (လဝက) ဥပဒေပုဒ်မ ၁၃ (၁) အပြင် ဘေးစီမံဥပဒေတို့ဖြင့် အမှုဖွင့်သွားမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် မီးလောင်မှုများဖြစ်ပွါးနေသည့်အတွက် မြန်မာဘက်သို့ ခိုးဝင်လာနိုင်ခြင်းကြောင့် လုံခြုံရေးတိုးမြှင့်ချထားသည်ဟု မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်ကပြောသည်။

အဆိုပါ ခိုးဝင်လာသူများမှာ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘက်ခြမ်းသို့ မိသားစုအလိုက် အခြားကျေးရွာသားများနှင့်အတူ ထွက်ပြေးသွားခဲ့ပြီး ကူတူပါလောင်ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ကြောင်း၊ စခန်းအတွင်းနေထိုင်စဉ် အခြားဒုက္ခသည်စခန်းများတွင် မီးလောင်မှု၊ ဓားပြမှုနှင့် အကြမ်းဖက်မှုများဖြစ်ပွားပြီး စားဝတ်နေရေးအခက်အခဲကြောင့် မြန်မာနိုင်ငံအတွင်း ကျေးရွာများရှိ မိဘဆွေမျိုးများထံ နေထိုင်ရန် ပြန်လည်ဝင်လာကြသူများဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ