ရခိုင်တွင် မွတ်ဆလင်အမျိုးသား ၆ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထား

လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် မောင်တောခရိုင်တို့မှ မွတ်ဆလင်အမျိုးသား ၆ ဦး အမည်စာရင်းတင်သွင်း ထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းမှု ထုတ်ပြန်ချက်အရသိရသည်။

10 Aug 2020

ခင်သရဖီဦး | DMG
သြဂုတ် ၁၀ ၊ စစ်တွေ

လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နှင့် မောင်တောခရိုင်တို့မှ မွတ်ဆလင်အမျိုးသား ၆ ဦး အမည်စာရင်းတင်သွင်း ထားကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းမှု ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့အမည်စာရင်းတင်သွင်းထားသည့် မွတ်ဆလင် ၆ ဦးတို့မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ၅ ဦးနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအဘူလ်ကာဟေရ်တို့ ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကိုယ်စားပြုဝင်ပြိုင်မည့် ဦးအောင်လှနှင့် ဦးဇာဖော်ရ်အူလ္လာ(ခ) ဦးစောမြင့် တို့မှာ ဘူးသီးတောင်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်နှင့် ဦးကျော်မင်း (ခ) မာမောက်ရှောင်ရုအနော်ရိုလာဟောက် မှာ ယင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားခြင်း ဖြစ်သည်။

အလားတူ ယင်းပါတီမှ နိုစ်မူဟာမတ်(ခ)အေးဝင်းသည် မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လည်းကောင်း၊ ဦးအဒူရော်ရှိမှာ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှလည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွားထားသည်။

၎င်းတို့မှ ရခိုင်ပြည်နယ်အတွင်း၌ လူမျိုးရေးပဋိပက္ခကြား သဟဇာတဖြစ်စေရန်လုပ်ဆောင်သွားမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခြင်းဖြစ်ကြောင်း ဆိုကြသည်။

“အဖိနှိပ်ခံလူနည်းစုရယ်၊ လူနည်းစု နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိအောင် လုပ်ဆောင်ပေးဖို့ဖြစ်တယ်။ အဓိက ရခိုင်ဒေသကိုကိုယ်စားပြုတဲ့ပါတီတွေ၊ ကျနော်တို့ ညီနောင်တွေဖြစ်တဲ့ ရခိုင်လူမျိုးတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင်တည်ဆောက်ပြီးတော့ ရခိုင်ပြည်ကို ပြန်လည်ထူထောင်ဖို့ အတွက်ဖြစ်တယ်”ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။

တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည် ဦးအဘူလ်ကာဟေရ်က “ဒီဒေသမှာ အဓိကအားဖြင့်တော့ လူမျိုးစုနှစ်စု ပေါ့နော်၊ အဲဒီလူမျိုးစုနှစ်စုကို သဟဇာတဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လမ်းကြောင်းပေါ်ကမူတည်ပြီး တော့မှ ကျနော်ဝင်ပြိုင်မှာဖြစ်ပါတယ်”ဟု ဆိုသည်။

လက်ရှိ NLD အစိုးရလက်ထက် ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်သည် ယခင် USDP အစိုးရ လက်ထက်ကဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲကော်မရှင်လိုမဟုတ်ဘဲ မွတ်ဆလင်လူမျိုးတို့ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်ဟုယုံကြည်ကြောင်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်မှ မွတ်ဆလင်လူမျိုးတို့၏ ဆန္ဒမဲ ပေးပိုင်ခွင့်ကို ရုတ်သိမ်းထားသောကြောင့် ယခုလာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်နှင့် ဝင်ရောက် ယှဉ်ပြိုင်ခွင့်တို့အား ခွင့်ပြု၊ မပြုဆိုသည်ကို စောင့်ကြည့်ရမည့် အခြေအနေရှိကြောင်း ဦးအဘူလ်ကာဟေရ်က ဆိုသည်။

ဦးအဘူလ်ကာဟေရ်သည် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိ ခဲ့သော်လည်း ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်သည်ဟုဆိုကာ ကော်မရှင်ထံပယ်ချခံခဲ့ရသည်။

ယင်းအပြင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၈ နေရာအထိ အမည်စာရင်းတင်သွင်းခဲ့သော်လည်း ၁၅ နေရာတွင် နိုင်ငံသားအရည်အချင်း ပြည့်မှီခြင်းမရှိဟုဆိုကာ ပယ်ချခံခဲ့ရကြောင်း ယင်းပါတီအတွင်းရေးမှူးထံမှ သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ကြေညာထားသည်။

ဗီဒီယိုများ