သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် မွတ်ဆလင် (၈၀၀)ဦးကို ရခိုင်မြို့နယ်အသီးသီးသို့ပို့ဆောင်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် မွတ်ဆလင်(၈၀၀)ဦးကို ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ က ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့ကာ မြို့နယ်သုံးမြို့နယ်ခန့်ကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရသည်။

21 Apr 2020

ခိုင်ရိုးလ၊ ချလူးအောင် | DMG
ဧပြီ ၂၁ ၊ စစ်တွေ

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် မွတ်ဆလင်(၈၀၀)ဦးကို ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ က ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့ကာ မြို့နယ်သုံးမြို့နယ်ခန့်ကို ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ သိရသည်။

ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်သစ်ကူးကာလတွင် အကျဉ်းထောင်၊ စခန်းအသီးသီးရှိ မွတ်ဆလင် (၈၀၀) ဦးအ ပါအဝင် အကျဉ်းသား စုစုပေါင်း (၂၅၀၀၀)ဦးခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် အဆိုပါ မွတ်ဆလင်များကို တပ်မတော်ရေယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မှ ပြန်လာသည့် အဆိုပါမွတ်ဆလင်များကို ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စောင့်ကြည့်ထားခြင်းရှိ၊ မရှိ ဒေသခံများက စိုးရိမ်နေကြသည်။ သို့သော် ၎င်းတို့ကို သက်ဆိုင်ရာမြို့နယ်များတွင် ၂၁ ရက်ကြာ စောင့်ကြည့် ထားသည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးစိုးလွင်က DMG သို့ပြောသည်။

“သူတို့ကို Quarantine ၂၁ ရက်ထားတယ်လို့တော့ ကြားပါတယ်။ သူတို့တွေက စစ်တွေ၊ ဘူးသီးတောင်၊ ကျောက်တော် အဲဒီသုံးမြို့နယ်က အများဆုံးပါတယ်။ သူတို့ကို သက်ဆိုင်ရာမြို့နယ်တွေမှာပဲ Quarantine ထားတာပါဗျာ” ဟု ၎င်းကဆိုသည်။

မောင်တောဒေသသို့ ပြန်ပို့ခံရသည့် မွတ်ဆလင် ကိုရာဇာက မိမိတို့ဒေသတွင် အလုပ်အကိုင် ရှားပါးသော ကြောင့် ရန်ကုန်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သည့် ဒေသကိုမဆို လွတ်လပ်စွာသွားလာခွင့်ပေးရန်လည်း အစိုးရကိုတောင်းဆိုခဲ့သည်။

“သွားလာခွင့်ပြုစေချင်ပါတယ်။ အစိုးရကိုလည်း ကျနော်တို့က တိုက်တွန်းချင်ပါတယ်။ မောင်တောမှာ လုပ်ကိုင် စားသောက်ဖို့ အခွင့်အလမ်းက နည်းတယ်။ ရန်ကုန်မှာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေများတယ်။ အဲဒါကြောင့် ရန်ကုန်တက်ပြီး အလုပ်အကိုင်သွားလုပ်တာပါ။ အဲဒါပဲ။ ကျန်တဲ့ရည်ရွယ်ချက်တော့ မရှိပါဘူး”ဟု ကိုရာဇာက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က မွတ်ဆလင်နှင့် ရခိုင်လူမျိုးတို့ကြား ဘာသာရေး၊ လူမျိုးရေးဆန်ဆန် ပဋိပက္ခဖြစ်ပွားခဲ့သည်။ သို့သော် လက်ရှိတွင် မွတ်ဆလင်နှင့် ရခိုင်တို့ကြားတွင် ပြဿနာဖြစ်ပွားမှု လျော့နည်းလာပြီး ဆက်ဆံရေးပိုမိုကောင်းလာကာ စီးပွားရေးအရလည်း ကူးလူးဆက်ဆံမှုများ ပြုလုပ်လာကြသည်ကို တွေ့ရသည်။

နိုင်ငံတွင်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသတွင်း နေထိုင်သည့် ရခိုင်နှင့်မွတ်ဆလင်များသည် ရန်ကုန်နှင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ သို့သော် ယင်းသို့သွားရောက်သည့် မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကိုခံရပြီး ရခိုင်ပြည်နယ်သို့ပြန်ပို့ခံနေရသည်။

ဗီဒီယိုများ