ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီ ယာယီပိတ်သိမ်း

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်ကို ယမန်နေ့(သြဂုတ်လ ၁၈ ရက်)နေ့မှစပြီး စစ်ကောင်စီက ယာယီ ပိတ်သိမ်းလိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

19 Aug 2022

Photo- CJ

DMG ၊ သြဂုတ် ၁၉

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်ကို ယမန်နေ့(သြဂုတ်လ ၁၈ ရက်)နေ့မှစပြီး စစ်ကောင်စီက ယာယီ ပိတ်သိမ်းလိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ထိုသို့ပိတ်လိုက်ခြင်းမှာ သြဂုတ် ၁၅ ရက်နေ့က ကော့ကရိတ်မြို့တွင်းရှိ မြို့မရဲစခန်း၊ မြို့နယ်စီးပွားရေးဘဏ်၊ မြို့နယ်တရားရုံး တိုက်ခိုက်ခံရမှုနှင့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာမှု၊ တိုက်ပွဲပြင်းထန်မှု အရှိန်ကြောင့်ဖြစ်သည်ဟု မြဝတီမြို့ခံ နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

“နယ်စပ်ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်လိုက်တယ်ခင်ဗျ။ သူတို့ပြောတာက ကော့ကရိတ်မှာ တိုက်ပွဲဖြစ်နေတော့ အာရှလမ်းမကြီးကတဆင့် ကုန်သွယ်ရေးဇုန်ကိုပါ ရောက်လာနိုင်တယ်။ အဲဒါကြောင့် ကုန်သွယ်ရေးဇုန်ကို ယာယီပိတ်ထားတာလို့ သိရပါတယ်”ဟု မြဝတီမြို့ခံ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီးနောက် ကုန်တင်ကားများအပါအဝင် နယ်စပ်ကုန်သွယ်ရေးလုပ်ဆောင်သူများကို အမြန်ဆုံးဖယ်ရှားရန် သတိပေးမှုများပြုလုပ်ခဲ့ကြောင်းလည်း မျက်မြင် မြဝတီမြို့ခံတစ်ဦးကပြောသည်။

“ကုန်သွယ်ရေးဇုန်ထဲ စစ်ကောင်စီတပ်တွေ ဝင်သွားတာတွေ့ လိုက်တယ်။ မကြာဘူး ကုန်ကားတွေရော၊ ကုန်သည်တွေ အကုန်ထွက်သွားတာ မြင်ရတယ်။ ကုန်သွယ်ရေးဇုန်ကို စစ်သားတွေရဲ့အမိန့်ကြောင့် ပိတ်ထားတာပါ တွေ့ရတယ်”ဟု မြဝတီမြို့ခံတစ်ဦးကဆိုသည်။

ယင်းအပြင် ကုန်သွယ်ရေးဇုန်ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် ကောလာဟလ သတင်းများကြောင့် ဇုန်အတွင်းရှိ လူများနှင့်ကားများကို ပြောင်းရွှေ့ရန် စစ်ကောင်စီမှ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသအတွင်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ရေးလုပ်ဆောင်နေသော ဇုန်ကို ယာယီပိတ်သိမ်းလိုက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်ရကြောင်းလည်း ကုန်သည်များကဆိုသည်။

“ကုန်သွယ်မှုက လုံးဝရပ်သွားပြီ။ မြဝတီနယ်ကုန်သွယ်ရေးဇုန်ဆိုတာ အရင်က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ဇုန်မှာ အကြီးဆုံးပဲ။ အခုလိုပိတ်လိုက်တဲ့အတွက် ကုန်သွယ်ရေးလုပ်ဆောင်မှုတွေက ရပ်တန့်သွားပြီလို့ပြောလို့ရသွားပါပြီ”ဟု ထိုင်း-မြန်မာနယ်စပ် ကုန်သည်တစ်ဦးကပြောသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှာ ပြည်တွင်းနယ်စပ်ကုန်သွယ်ဇုန်များအတွင်း အဓိကအရေးပါသည့် ကုန်သွယ်ဇုန်တစ်ခုလည်းဖြစ်သည်။

ထိုကုန်သွယ်ရေးဇုန်၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းနှင့်ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းများစွာတင်သွင်းနေပြီး မြန်မာနိုင်ငံအတွင်းမှ ပြောင်း၊ ပဲ၊ နှမ်းအပါအဝင် စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်းများကို တင်ပို့နေခြင်းဖြစ်သည်။

ဗီဒီယိုများ