နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့ကို ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကြားတွင်ရှိသည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့ကို ရမ်ဆာ(ရေဝပ်ဒေသ)ထိန်းသိမ်းရေးနယ်မြေအဖြစ် ရမ်ဆာကွန်ဗေးရှင်းက မေလ ၂၂ ရက်နေ့တွင် သတ်မှတ် လိုက်သည်။

By နှင်းနွယ် 23 May 2020

Photo - BANCA

နှင်းနွယ် | DMG
မေ ၂၂ ရက် ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ကြားတွင်ရှိသည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့ကို ရမ်ဆာ(ရေဝပ်ဒေသ)ထိန်းသိမ်းရေးနယ်မြေအဖြစ် ရမ်ဆာကွန်ဗေးရှင်းက မေလ ၂၂ ရက်နေ့တွင် သတ်မှတ် လိုက်သည်။

၎င်းဒေသအား ရေဝပ်ဒေသအဖြစ်သတ်မှတ်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်ကတည်းက စတင်ကာကြိုးစားခဲ့ သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ၂၀၁၈ ခုနှစ်မှ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(BANCA)အဖွဲ့၏ အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်က DMG သို့ပြောသည်။

“ကျမတို့ ကြိုးစားခဲ့တာကတော့ ကြာပီပေါ့။ ဒါပေမဲ့ ကျမတို့ရဲ့ရန်ပုံငွေရရှိချက်အပေါ် မူတည်ပြီးတော့ ခရီးတွေ တောက်လျှောက် မသွားနိုင်ခဲ့ဘူး။ အဓိကကတော့ ရေညှောင့်နှုတ်ဝိုင်းငှက်နဲ့ တခြားကမ်းခြေနေငှက်တွေကိုပဲ လေ့လာနိုင်ခဲ့တယ်။ နောက်ပိုင်းမှ လိပ်တွေဘာတွေကို ရှာတွေ့ခဲ့တာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်ဇီဝမျိုးစုံ၊မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RBANCA)နှင့် (BANCA) အသင်းများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် နံ့သာကျွန်းနှင့် မေယုမြစ်ဝအား နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ် ဒေသ (ဆိုက်အမှတ် - ၂၄၂၁)အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာ၏ အနီးတဝိုက်တွင် ကျေးရွာပေါင်း(၈)ရွာခန့်ရှိပြီး ဒေသခံများမှာလည်း ၎င်းကျွန်းပေါ်တွင် နေထိုင်ကာ လုပ်ကိုင်စားသောက်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအား လာရောက်ဖျက်ဆီးသည်ဟု အထင်အမြင်မလွဲစေရန်အတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာသီရိဒေဝီမောင်က ဆိုသည်။

“ဒီနေရာကို ရမ်ဆာအဖြစ်သတ်မှတ်လိုက်တာက သူတို့တွေရဲ့စားဝတ်နေရေးကို ထိခိုက်အောင် တားဆီးတာမျိုး မဟုတ်ဘဲ ဒါသည်ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံ မျိုးကွဲတွေ အများကြီးရှိတဲ့အတွက် အရေးကြီးတဲ့နေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းသာဖြစ်တယ် ဆိုတဲ့အကြောင်းကို သူတို့တွေသိအောင် ကျမတို့အနေနဲ့ အသိပေးတာတွေ လုပ်ဖို့ အများကြီးလိုအပ်တယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ရမ်ဆာ(ရေဝပ်ဒေသ) ရေရှည်တည်တံ့ရေးအတွက် သစ်တောဦးစီးဌာန၊ (RBANCA)နှင့် (BANCA)အဖွဲ့ တို့ပူးပေါင်းကာ ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းနေရာရှိ ဒေသခံများနှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း (BANCAN)အဖွဲ့မှ သိရသည်။

လက်ရှိတွင် (Covid-19)ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းစဉ်များကို ရပ်တန့်ထားရပြီး အဆိုပါနေရာအား သွားရောက်လေ့လာသည့်အဖွဲ့ဝင်များမှာလည်း ရသေ့တောင်ဘက်မှ ပစ်ခတ်သံများကို မကြာခဏ ကြားနေရသည့်အတွက် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများရှိနေကြောင်း ဒေါက်တာ သီရိဒေဝီမောင်က ပြောသည်။

ရမ်ဆာရေဝပ်ဒေသဖြစ်သည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ဧရိယာအားဖြင့် ဟက်တာပေါင်း ၃၆၀၈ ဟက်တာ (၈၉၁၆ ဧက)ခန့် ကျယ်ဝန်းကာ ဇီဝမျိုးစုံ မျိုးကွဲများစွာအတွက် အရေးကြီးကျက်စားရာနေရာအဖြစ် ထောက်ပံ့ပေးနေသည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရမ်ဆာ(ရေဝပ်ဒေသ)အဖြစ်သတ်မှတ်ရန် စံချိန်စံညွှန်း (၉)ချက်ထားရှိပြီး ၎င်းအချက်များထဲမှ အနည်းဆုံး (၁)ချက်နှင့် ကိုက်ညီမှုရှိမှသာလျှင် ရမ်ဆာ(ရေဝပ်ဒေသ)အဖြစ် စာရင်းဝင်နိုင်မည်ဖြစ်သော်လည်း နံ့သာကျွန်း သည် အချက်(၉)ချက်ထဲမှ (၅)ချက်အထိ ကိုက်ညီမှုရှိနေသည့်အတွက် ယခုကဲ့သို့ ရမ်ဆာ(ရေဝပ်ဒေသ)အဖြစ် သတ်မှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မိုးယွန်းကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ အင်းလေးကန် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောဟူ၍ ရမ်ဆာဒေသ ၅ ခုရှိခဲ့ပြီး ယခု နံ့သာကျွန်းသည် ဆဋ္ဌမမြောက် ရမ်ဆာ(ရေဝပ်ဒေသ)အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

ဗီဒီယိုများ