တောင်ကုတ်မြို့နယ် NLD ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

19 Oct 2020

မင်းထွန်း၊ မျိုးမြင့်ဇော် | DMG
အောက်တိုဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဖမ်းဆီးထားသည့် နိုင်ငံရေးသမားများ၊ အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုလျှင် အဆိုပါ NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “သူတို့ပြောထားတာ စစ်သုံ့ပန်းလဲလှယ်ရေးဆိုတဲ့ စကားကို သုံးထားပါတယ်။ သူတို့တောင်းဆိုနေတဲ့လူတွေက စစ်သုံ့ပန်းမဟုတ်ပါဘူး။ ဥပဒေအရ စစ်ဆေး ၊စီရင်ခုခံခွင့် ပေးပြီးတော့မှ တရားစီရင်ရေးအရ အပြစ်ရှိတယ်လို့ပေါ်ပေါက်တဲ့အတွက် ပြစ်ဒဏ်ပေးထားတဲ့ ရာဇာဝတ်သားတွေဖြစ်ပါတယ်။ အခုဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကလည်း စစ်သုံ့ပန်းတွေ မဟုတ်ပါဘူး။ သူတို့ကိုစစ်သုံ့ပန်းသဖွယ် သဘောထားပြီး အလဲအလှယ်တောင်းဆိုမယ့်အစား အမြန်ဆုံး ခြွက်ချင်းမရှိပြန်လွှတ်ပေးသင့်တယ်” ဟု ပြောသည်။

ဆက်လက်၍ ဒေါက်တာမျိုးညွန့်က “သူတို့ကိုဖမ်းဆီးစဉ်အခါကလည်း ရိုက်နှက်ခဲ့ကြောင်း ကျနော်တို့သိရတယ်။ ဒါကြောင့် သူဟာ စစ်ဆေးမေးမြန်းစုံစမ်းခြင်းမရှိခင်ကတည်းက ကြိုတင်အပြစ်ပေး ပြီးဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်နေပါတယ်။ ဒီလိုနည်းနဲ့တော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ အကယ်၍ နိုင်ငံရေး ပြဿနာကို ဖြေရှင်းလိုတဲ့ဆန္ဒရှိရင် ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးလွှတ်ပေး ခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်” ဟု ဆိုသည်။

AA ၏ထုတ်ပြန်ချက်တွင် ယခင်ကာလများကပင် စစ်သုံ့ပန်းများလဲလှယ်ရန် မိမိတို့ထုတ်ပြန်ကြေငြာထားပြီး ဖြစ်သကဲ့သို့ စစ်သုံ့ပန်းများအပြန်အလှန်လွှတ်ပေးရေးမူကို ယနေ့တိုင်ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း ဖော်ပြ ထားသည်။

လက်ရှိ AA ကဖမ်းဆီးထားသည့် NLD ပါတီကိုယ်စားလှယ်လောင်းသုံးဦးမှာ တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ ဖြစ်ကြသည်။

အောက်တိုဘာလ ၁၄ ရက်နေ့က ၎င်းတို့သုံးဦးကို စစ်ဆေးမေးမြန်းရန်ခေါ်ယူထားခြင်းဖြစ်ပြီး အခြေအနေ လိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLD ပါတီမှ ကိုယ်စားလှယ်လောင်းသုံးဦးကိုဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို နှောင့်နှေးစေသည့် အပြင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်ရေးအတွက် အနှောင့်အယှက်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ထုတ်ပြန်ထားသည်။

တစ်ဖက်တွင် AA အနေဖြင့် အစိုးရနှင့် တပ်မတော်တို့၏ အမြစ်ပြတ်ချေမှုန်းရေးထိုးစစ်အား ညီနောင် မဟာမိတ်များ၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲ၍ ခုံခံတိုက်ခိုက်နေရသော်လည်း တွေ့ဆုံဆွေးနွေးမှု ဖြင့်သာ လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းများကို ပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် ဖြစ်ပွားနေသည့်တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်းကိုလည်း AA က ထုတ်ပြန်ကြေငြာထားသည်။

ဗီဒီယိုများ