ကြားခံများမှတစ်ဆင့် AA နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း တပ်မတော်ပြော

တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ တိုက်ရိုက်ညှိနှိုင်းမှုများ မရှိသော်လည်း ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

By အောင်ထိန် 27 Nov 2020

ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး

အောင်ထိန် | DMG
နိုဝင်ဘာ ၂၇ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင်တပ်တော်(AA)တို့ တိုက်ရိုက်ညှိနှိုင်းမှုများ မရှိသော်လည်း ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်နဲ့အေအေကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှုတော့မရှိဘူး။ သို့သော် ဆက်သွယ်ဆောင်ရွက်သင့်တဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ဖွဲ့ချင်း၊ အဖွဲ့အစည်းအများအပြား လူပုဂ္ဂိုလ်တစ်ဦးချင်း၊ လူပုဂ္ဂိုလ်များအပြားကနေတစ်ဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ရက္ခိုင့်တပ်တော်(AA/ULA)ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားခြင်းနှင့်ပတ်သက်၍ တပ်မတော် အနေဖြင့် ဥပဒေနှင့် ညီ၊မညီကို မပြောလိုကြောင်း၊ ယခင်ကလည်း တရားမဝင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး အခြေအနေတစ်ခုရောက်တွင် မတရားအသင်းတို့ ပယ်ဖျက်ပေးသည့် သာဓကများ ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်၍ပြောသည်။

“ကျွန်တော်ဆိုလိုတာက ဥပဒေနဲ့ ညီ/မညီဆိုတာ အငြင်းပွားတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ဖြစ်စဉ်တွေကို ပြောတာ။ ဒီဟာတွေနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေအရင်စတယ်။ ညှိနှိုင်းမှုတွေ တစ်ဆင့်၊ တစ်ဆင့် သဘောတူညီမှုတွေ ရလာပြီဆိုရင် ဒါတွေကနေ ပယ်ဖျက်ပေးခဲ့တဲ့ သာဓကတွေရှိခဲ့တယ်လို့ပဲ ကျွန်တော်ဆိုလိုခြင်း ဖြစ်တယ်” ဟု ဗိုလ်ချုပ်က ပြောသည်။

ရက္ခိုင်တပ်တော်(AA)အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကမူ ငြိမ်းချမ်းရေးလုပ်ငန်းများ၌ ယုံကြည်မှုတိုးတက်လာစေရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေငြာညာထားခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် နိုဝင်ဘာလ ၁၁ ရက်နေ့က တောင်းဆိုထားသည်။

AA အနေဖြင့် လက်ရှိတွင် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာနေပြီး ထိုသို့်ပြုပြင်လုပ်ဆောင်မှုများကို တပ်မတော်အနေဖြင့် အသိအမှတ်ပြုခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက သုံးသပ်သည်။

“အခုနောက်ပိုင်းမှာတော့ အစိုးရအရာရှိတွေရောဘာရော ဖမ်းမိတဲ့သူတွေကိုမသတ်ဘူး။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ အေအေကိုယ်တိုင်လည်း အခုက ဆင်ခြင်လာတာကြတော့ ဒါတွေကိုလည်း တပ်မတော် အနေနဲ့ အသိအမှတ်ပြုတယ်လို့ထင်ပါတယ်။ ဒါကောင်းတဲ့အချက်ပေါ့၊ ဒီလိုမျိုးသွားရင်တော့ အေအေကိုလည်း အကြမ်းဖက်အဖြစ်ကနေပယ်ဖျက်နိုင်ပါလိမ့်မယ်” ဟု ဒေါက်တာအောင်မျိုးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် တပ်မတော်နှင့် AA တို့ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ လျော့နည်းလာခဲ့သည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်းခြောက် ထောင်ကျော်ရှိပြီး ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုမရှိသည်သဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင် အချို့လည်း ရှိသည်။

ဗီဒီယိုများ