နေရပ်စွန့်ခွာ မွတ်ဆလင်မိသားစုတစ်စု မောင်တောသို့ပြန်ဝင်လာ

မြန်မာနိုင်ငံအတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးသွားသူများထဲမှ မွတ်ဆလင်မိသားစု တစ်စု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

By ချလူးအောင် 26 Nov 2019

ဘင်္ဂလားဒေ့ရှ်ဘက်မှ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာသူ ဦးရေမှာ ၄၅၀ ခန့်ရှိနေပြီဖြစ်သည်။ (ဓာတ်ပုံ - ချလူးအောင်)

ချလူးအောင် | DMG
နိုဝင်ဘာ ၂၆ ၊ မောင်တော

မြန်မာနိုင်ငံအတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးသွားသူများထဲမှ မွတ်ဆလင်မိသားစု တစ်စု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

မောင်တောမြို့နယ် ခမောင်းဆိပ်မြို့အရှေ့ဖက် ရပ်ကွက်(၃)တွင် နေထိုင်ခဲ့သူ ဆာဘေအာမတ်နှင့် ၎င်း၏ဇနီး တောလီမာ အပါအဝင် ကလေး ၂ ဦးတို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

“ဒီနေ့ ပြန်ဝင်လာကြတာက မိသားစုတစ်စုပါ။ သူတို့က ကူတူပါလောင် စခန်း(၁)မှာနေထိုင်ခဲ့ကြတာ။ မိမိဆန္ဒအလျှောက် ပြန်ဝင်ဖို့ လျှောက်ထားသူတွေပါ။ ဒီမှာနေထိုင်ခဲ့ခြင်း ရှိ၊ မရှိ။ အကြမ်းဖက်စာရင်းမှာ ပါဝင်ခြင်းရှိ၊ မရှိ စိစစ်ပြီးမှ UEHRD အစီအစဉ်နဲ့ လက်ခံတာဖြစ်တယ်” ဟု တောင်ပြိုပြန်လည်လက်ခံရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသအတွင်း ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများဖြစ်ပေါ်ပြီးနောက် မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ရာတွင် ဒေသအတွင်းနေထိုင်သည့် လူဦးရေ ၇ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

နေရပ်စွန့်ခွာသူများကို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လတို့တွင် စီစဉ်ခဲ့သော်လည်း နေရပ်စွန့်ခွာသူ တစ်ဦးတစ်ယောက်မျှ ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ပေ။

သို့သော် မိမိဆန္ဒအလျှောက် ပြန်လည်ဝင်ရောက်လာသူများ အနည်းငယ်ရှိနေပြီး လက်ရှိမှာ ၄၅၀ ဦးခန့် ရှိနေပြီဖြစ်သည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ပြုလုပ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ တတိယအကြိမ်မြောက် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူ နှစ်သောင်းကျော်စာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်ခဲ့ပြီး လက်ရှိမှာ ၎င်းစာရင်းကို စိစစ်ပြီးသွားပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ