ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့၏ အထူးအယူခံပယ်ချခံရ

ထောင်ဒဏ်နှစ်(၂၀)ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ တင်သွင်းထားသည့် နောက်ဆုံးအထူးအယူခံကို ယနေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည် ၎င်းတို့၏ရှေ့နေများထံက သိရသည်။

By ခိုင်ရိုးလ 24 Jan 2020

 စာရေးဆရာ ဝေဟင်အောင် နှင့် ဒေါက်တာ အေးမောင်

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၂၄၊ နေပြည်တော်

ထောင်ဒဏ်နှစ်(၂၀)ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်နှင့်ဝေဟင်အောင်တို့ တင်သွင်းထားသည့် နောက်ဆုံးအထူးအယူခံကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည် ၎င်းတို့၏ရှေ့နေများထံက သိရသည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုအပေါ် မကျေနပ်သောကြောင့် တရားရုံးအဆင့်ဆင့်သို့ အယူခံတက်ခဲ့ရာ ပယ်ခံခဲ့ရသဖြင့် အထူးအယူခံ ဆက်လက်တက်ရာတွင် ဆက်လက်ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

“ အခုကျနော့်အဖေအမှုကို တရားရုံးအဆင့်ဆင့်ကို တင်ခဲ့ပေမယ့်လည်း သူတို့ဘက်က ကြားနာခြင်းတောင်မလုပ်တော့ဘဲ ပယ်ချလိုက်တာ” ဟု ဒေါက်တာအေးမောင်၏သား ပြည်နယ်လွှတ်တော်အမတ် ဦးတင်မောင်ဝင်းက ပြောသည်။

၎င်းတို့နှစ်ဦးမှာ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်အတွက် နောက်ဆုံးအခွင့်အရေးအဖြစ် သမ္မတထံသို့ အသနားခံစာတင်ခွင့်ရှိသေးသည်။ သို့သော် စာရေးဆရာဝေဟင်အောင်သည် မဟုတ်မမှန် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် သမ္မတထံ အသနားခံစာတင်မည်မဟုတ်ဟု ၎င်း၏အစ်ကို ဦးသိန်းဝင်းက ပြောသည်။

“သူက မဟုတ်တာကိုလုပ်ရင် သနားခံစာတင်ရမယ်။ အခုဟာက သူတို့က မဟုတ်တာကို မလုပ်ခဲ့ဘူးလေ။ စာရေးဆရာတစ်ဦးဟာ သမိုင်းထဲမှာရှိတဲ့ အဖြစ်ပျက်အမှန်တရား ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ ရခိုင့်သမိုင်းတွေကို လေ့လာပြီးတော့ ပွဲခေါင်းစဉ်နဲ့ ဆီလျော်ညီတဲ့ဟာကို ဟောပြောခဲ့တာဖြစ်တဲ့အတွက် အမှန်တရားကိုပြောတဲ့အတွက် မှားမိပါတယ်လို့ ပြောစရာအကြောင်းမရှိဘူး” ၎င်းကဆိုသည်။

ဒေါက်တာအေးမောင်အတွက်လည်း သမ္မတထံ အသနားခံစာတင်၊ မတင် မသိရှိရသေးဟု ဦးတင်မောင်ဝင်းက ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်ပွဲတွင် စာပေဟောပြောခဲ့မှုကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မတို့ဖြင့် စစ်တွေခရိုင်တရားရုံးက ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ထောင်ဒဏ် နှစ်(၂၀)ချမှတ်လိုက်ခြင်းဖြစ်သည်။

ဒေါက်တာအေးမောင်အပါအဝင် နိုင်ငံရေးအယူအဆကြောင့် ဖမ်းဆီးခံနေရသူများအားလုံးနှင့်တကွ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ဆက်စပ် ချုပ်နှောင်အကျဉ်းကျခံနေရသူတို့အား ဖြစ်နိုင်သည့်နည်းလမ်းရှာဖွေလျက် လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ယနေ့သဘောထားထုတ်ပြန် တောင်းဆိုထားသည်။ ယင်းပါတီသည် ဒေါက်တာအေးမောင် ဦးဆောင်တည်ထောင်ထားသည်ဟု ထင်ရှားပြီး၊ သားဖြစ်သူလည်း ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ဗီဒီယိုများ