ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ထိစပ်နေရာတွင် ရိက္ခာပို့လာသည့် မြန်မာစစ်တပ်ကို AA က ကြားဖြတ်တိုက်ခိုက်

ရန်ကုန်-စစ်တွေကားလမ်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကို ခွဲခြားထားသည့် မှတ်တိုင်အနီးတွင် ရိက္ခာလာပို့သည့် မြန်မာစစ်တပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက် ၁၁ နာရီကျော်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

29 Sep 2022

ပုဏ္ဏားကျွန်း-ကျောက်တော် မြို့နယ်ခွဲမှတ်တိုင်ကို ၂၀၂၁ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

ရန်ကုန်-စစ်တွေကားလမ်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်ကို ခွဲခြားထားသည့် မှတ်တိုင်အနီးတွင် ရိက္ခာလာပို့သည့် မြန်မာစစ်တပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့နံနက် ၁၁ နာရီကျော်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြန်မာစစ်တပ်၏ စစ်ကြောင်းမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနီး နနွင်းတောင်ပေါ်တွင် အခြေချထားသည့် ဗျုဟာကုန်းသို့ ရိက္ခာပို့ဆောင်ရန်လာစဉ် AA က ကြားဖြတ်တိုက်ခိုက်သည့်အတွက် နာရီခွဲခန့်အကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချောင်းတူကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။

“အဲဒီစစ်ကြောင်းကနေပြီးတော့ နနွင်းတောင်ဗျူဟာကုန်းကို ရိက္ခာသွားပို့တာ။ အဲဒီမှာ AA ကနေပြီးတော့ ကြားဖြတ်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တယ်။ တိုက်ပွဲကတော့ မိနစ် ၃၀ လောက်ကြာတယ်။ ဖြစ်တာကတော့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းကိုခွဲတဲ့ နယ်ခွဲမှတ်တိုင်နားမှာဖြစ်တာပါ”ဟု ၎င်းကဆိုသည်။

နနွင်းတောင်ဗျူဟာကုန်းမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လကဖြစ်ပွားခဲ့သည့် ဗုဒ္ဓေါတိုက်ပွဲနောက်ပိုင်းတွင် မြန်မာစစ်တပ်က အထိုင်ချကာနေထိုင်သည့် စခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ယနေ့ တိုက်ပွဲဖြစ်သည့်နေရာသို့ ကန်စောက်တောင်ခြေရှိ မြန်မာစစ်တပ် (၅၃၉)တပ်ရင်းမှ လက်နက်ကြီးများ ပစ်ကူပေးနေသဖြင့် အနီးပတ်ဝန်းကျင်မှ ဗုဒ္ဓေါ၊ ကွမ်းအုံစု၊ ချောင်းတူ၊ အောင်မင်္ဂလာ(ပက်ခွက်ဆိပ်)၊ မော်ရွာ၊ လမ်းပိုင်ခွင် စသည့်ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

လမ်းပိုက်ခွင်ကျေးရွာမှ ထွက်ပြေးလာသူတစ်ဦးက “လက်ရှိမှာတော့ ကန်စောက်တောင်ကနေ လက်နက်ကြီးတွေပစ်နေတဲ့အတွက် စိုးရိမ်ရတယ်လေ။ ဆိုတော့ အဲဒီနားကရွာသားတွေက ကြောက်ပြီးတော့ အကုန်လုံးထွက်ပြေးနေကြတယ်။ ကျမတို့လည်းအခု အောင်ဇေယျကိုရောက်နေပြီ။ ကျမတို့ရွာက တခြားသူတွေကတော့ ဂြိုးသားငါးရာကျောင်းမှာ ခိုလှုံနေကြသူတွေလည်း ရှိတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများမှာ ယခုလအတွင်း တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ အထိအခိုက်အကျအဆုံးများပြားခြင်း၊ စခန်းစွန့်ခွာရခြင်းနှင့်အတူ စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့သဖြင့် ရက္ခိုင်၊ ပလက်ဝစစ်မြေပြင်များ၌ ထွက်ပြေးမှု(တပ်ပြေးမှု) များမှာ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့(စက်တင်ဘာ ၂၈ ရက်)က ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်က တစ်စုံတစ်ရာ တုန့်ပြန်ထားသည်ကို မတွေ့ရသေးပေ။

ဗီဒီယိုများ