AA မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်မှုကြောင့် တရားစွဲခံရသူ တရားသေလွတ်မြောက်

ရက္ခိုင့်တပ်တော်(AA)မှ ကျဆုံးသွားသည့် ဗိုလ်လောင်း ၈ ဦးအား စစ်တွေမြို့တွင် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲဆိုခံရသူ ဦးအစံမောင်မှာ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

01 Oct 2021

DMG ၊ အောက်တိုဘာ ၁

ရက္ခိုင့်တပ်တော်(AA)မှ ကျဆုံးသွားသည့် ဗိုလ်လောင်း ၈ ဦးအား စစ်တွေမြို့တွင် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲဆိုခံရသူ ဦးအစံမောင်မှာ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်ခဲ့သည့် အမိန့်အမှတ်- ၁၇၂ ၊၂၀၂၁ အရ တရားလိုမှ စက်တင်ဘာ ၃၀ ရက်နေ့မတိုင်မီ လာရောက်လျှောက်ထားခြင်းမရှိက တရားခံများကို ပြန်လွှတ်ပေးရမည်ဆိုသဖြင့် ယခုကဲ့သို့လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “အဲဒီအမိန့်အရလွတ်တာ။ တရားလိုက အမိန့်စာလာမတင်တဲ့အတွက် တရားသေလွှတ်ပေးလိုက်တာ”ဟု ပြောသည်။

ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်လောင်း ၈ ဦး ကျဆုံးသွားသည့် ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့ပြီး လူငယ် ၃၀ ခန့်က အာရက္ခနိုင်ငံတော်သီချင်းကို ပြိုင်တူသီဆိုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်း၊ ဆီမီးထွန်းဂါရဝပြုခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ယင်းသို့လုပ်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်မှုကြောင့် ဦးအစံမောင်ကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးအောင်ဇံဝေမှ တရားလိုပြုလုပ်ကာ ဘေးစီမံဥပဒေပုဒ်မ- ၂၉ ဖြင့် တရားစွဲဆိုခဲ့သည်။

“ကျွန်တော်က တစ်လလောက်ချုပ်နှောင်ခဲ့ရတယ်။ ပြီးတော့ လေးငါးခြောက်လလောက် ရုံးတက်တရားရင်ဆိုင်ခဲ့ရတယ်။ အမှုရုပ်သိမ်းလွှာပါတဲ့အတွက် ဒီနေ့နေ့လည်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်”ဟု လွတ်မြောက်လာသည့် ဦးအစံမောင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်တော်(KIA) သင်တန်းကျောင်းသို့ မြန်မာစစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဗိုလ်လောင်းအချို့ ထိခိုက်သေဆုံးခဲ့ရသည်။ ယင်းအထဲတွင် ရက္ခိုင့်တပ်တော်(AA)မှ ဗိုလ်လောင်း ၈ ဦးလည်း ပါဝင်သွားခဲ့သည်။

ဗီဒီယိုများ