ငါးလတာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီထုတ်ပြန်

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား ‌နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ငါးလတာအပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

28 Sep 2021

DMG ၊ စက်တင်ဘာ ၂၈

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား ‌နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ငါးလတာအပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

မကြာမီကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင် ရွက်ရန်လည်းကောင်း တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်နိုင်ရန်အတွက် အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင်လတတိယအပတ်အတွင်း ရောဂါပိုး ၄၁ ရာခိုင်နှုန်းခန့် ပိုးတွေ့ရှိခဲ့ပြီး ယခု စက်တင်ဘာလကုန်ပိုင်းတွင် ပိုးတွေ့ရှိသူ ၉ ရာခိုင်နှုန်းသာရှိပြီး ၃၀ ရာခိုင်နှုန်းကျော်ခန့် လျှော့ချနိုင်ခဲ့ကြောင်း စစ်ကောင်စီကဆိုသည်။

ကိုဗစ်ကပ်ရောဂါသည် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးအချိန်အတိုင်းအတာတစ်ခုအထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ထိန်းချုပ်ရမည့်ဖြစ်ပြီး လက်ရှိတွင်လည်း EAO များတည်ရှိရာဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းရှိပြည်သူများ၊ ရခိုင်ပြည်အတွင်းရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ထားသည်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ယခင်က အတိတလင်းကြေညာထားခဲ့ပြီး လက်ရှိတွင် ယင်းအတိုင်းလုပ်ဆောင်လျက်ရှိကြောင်း ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ ၂ နှစ်နှင့် ၉ လကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ယခုကြေညာချက်အား လက်တွေ့အကောင်အထည်ဖော် ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံကြောင်း စစ်ကောင်စီကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ အာဏာသိမ်းမှုကိုမလိုလား၍ ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့်လည်း မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ