SEZ စီမံကိန်း မြေနေရာတွင်ပါဝင်သည့် မြစ်ချောင်းရေအောက်မြေ ၈၆.၂၇ ဧကအား မြေအမျိုးအစားပြောင်းလဲရန် ကန့်ကွက်လွှာခေါ်ယူမှု ဒေသခံများကန့်ကွက်

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ စက်မှု၊စီးပွားမြေငှားဂရန် လျှောက်ထားလာခြင်းကြောင့် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြေအမျိုး အစားပြောင်းလဲရန် ကန့်ကွက်လွှာခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

By ခိုင်မင်း(ကျောက်ဖြူ) 14 Jan 2019

(မြေအမျိုး အစားပြောင်းလဲရန် ကန့်ကွက်လွှာခေါ်ယူရာတွင် ပါဝင်သော မြေနေရာတစ်ခုအား ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်)

ခိုင်မင်း(ကျောက်ဖြူ) / DM

ဇန်နဝါရီလ ၁၄၊ ကျောက်ဖြူ

ကျောက်ဖြူ SEZ စီမံကိန်းမြေနေရာတွင်ပါဝင်သည့် မြစ်ချောင်းရေအောက်မြေ ၈၆.၂၇ ဧကအား မြေအမျိုး အစားပြောင်းလဲရန် ကန့်ကွက်လွှာခေါ်ယူမှုအပေါ် ဒေသခံများမှ ကန့်ကွက်ထားကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ စက်မှု၊စီးပွားမြေငှားဂရန် လျှောက်ထားလာခြင်းကြောင့် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြေအမျိုးအစားပြောင်းလဲရန် ကန့်ကွက်လွှာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ္တိန်ကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာအုပ်စု၊ သိုင်းချောင်းကျေးရွာအုပ်စု၊ မင်းပြင်ကျေးရွာအုပ်စုနှင့် ဒိုးမတောင်ကျေးရွာအုပ်စုတို့မှ ကွင်း(၇)ကွင်း၊ မြေကွက် အမှတ်(၁၇)ရှိ မြစ်ချောင်း ရေအောက်မြေ ဧရိယာ(၈၆.၂၇)ဧကဆိုပြီး ကန့်ကွက်လွှာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်လွှာခေါ်ယူရာတွင် လက်ရှိလုပ်ကိုင် စားသောက်နေသည့် မြေနေရာများပါဝင်ခြင်း၊ မြေနေရာ တိတိကျကျဖော်ပြနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးရန် လိုလားသည့်အတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။

“ကျနော်တို့လို ကန့်ကွက်တဲ့ တောင်သူတွေကိုခေါ်ပြီး ခင်ဗျားတို့မှာ အထောက်အထားရှိလားမေးတယ်၊ ကျနော်တို့မှ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာတာ။ လုပ်စားလာတာ။ သီးနှံတွေ၊ ဥယျာဉ်မြေတွေအများကြီးပဲ။ မြေစာရင်းကလည်း ပုံစံ (၇)တွေ၊ ပိုင်ဆိုင်မှုတွေထုတ်မပေးဘူး။ ကျနော်တို့ကတော့ မြေပြင်ကို ကွင်းဆင်းပေးပါလို့ပဲ ပြောချင်တယ်” ဟု တောင်သူ ဦးလှသိန်းက ဆိုသည်။

၎င်းတို့အနေဖြင့် ဘိုးဘွားပိုင်မြေများအား မတရားသိမ်းဆည်းမည်ကို မလိုလားကြောင်းနှင့် တောင်သူများ တောင်းဆိုထားသည့် ဈေးနှုန်းအတိုင်း မျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

တောင်သူများမှ မြစ်ချောင်းနံဘေးတွင် သီးနှံပင်များ စစ်ပျိုးထားကြသည့်အတွက် လျော်ကြေးပေးနိုင်အောင် ဆောင်ရွက်သွားမည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်မှ ပြောသည်။

“သူတို့စိုက်ထားတာတွေကို လျော်ကြေးပေးနိုင်ဖို့ တွက်ချက်ပြီးတော့ တင်ပြသွားမယ်” လို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးမှ ပြောသည်။

ကျောက်ဖြူ SEZ မြေနေရာတွင် မြစ်ချောင်းမြေများ ပါဝင်သည့်အတွက် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင်လည်း ကန့်ကွက်လွှာတစ်ကြိမ် ခေါ်ယူခဲ့သည့်အတွက် ဒေသခံတောင်သူများမှ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ဗီဒီယိုများ