စစ်တွေရဲစခန်းအနီးက ဆိုင်ခန်း (၇၀)ကျော်ကို စတင်ဖယ်ရှား

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို လုံခြုံရေးတိုးမြှင့်ရန်အတွက် ခြံစည်းရိုးကာမည်ဖြစ်သောကြောင့် ရဲစခန်းအနီးရှိ ဆိုင်ခန်း (၇၀)ကျော်ကို ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က အကြောင်းကြားလာသဖြင့်  ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စတင်ဖယ်ရှားနေပြီဖြစ်သည်။

By ခိုင်ရိုးလ 15 Jun 2019

ဓာတ်ပုံ - ကိုစိုးနိုင်

ခိုင်ရိုးလ | DMG

ဇွန် ၁၅၊ စစ်တွေ

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို လုံခြုံရေးတိုးမြှင့်ရန်အတွက် ခြံစည်းရိုးကာမည်ဖြစ်သောကြောင့် ရဲစခန်းအနီးရှိ ဆိုင်ခန်း (၇၀)ကျော်ကို ဖယ်ရှားပေးရန် ရဲတပ်ဖွဲ့က အကြောင်းကြားလာသဖြင့်  ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် စတင်ဖယ်ရှားနေပြီဖြစ်သည်။

ဇွန်လ ၁၃ ရက်နေ့က ဆိုင်ပိုင်ရှင်များကို မြို့နယ်ရဲတပ်ဖွဲ့မှူးက အရေးပေါ်ခေါ်ယူပြီး ဇွန်လ ၁၅ ရက်နေ့တွင်  မဖြစ်မနေဖယ်ရှားပေးရန် ပြောဆိုသောကြောင့် မိမိဆိုင်ခန်းများကို ဖျက်သိမ်းနေခြင်းဟု လျှပ်စစ်နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးစိုးနိုင်က ပြောသည်။

“ ကျွန်တော်တို့ကို ပြည်နယ်အစိုးရကလည်း မြေနေရာအစားထိုးပေးမယ်လို့ ကတိပေးထားတယ်။ ကျွန်တော်တို့ ပြည်နယ်ရဲမှူးကြီးနဲ့ တွေ့တဲ့အခါ အစိုးရခွင့်ပြုပေးတဲ့ မြေနေရာမှာ ဆိုင်ခန်းတွေ ဆောက်ပေးနိုင်မယ့် အချိန်လောက်ကို သည်းခံပေးပါ။ အဲလောက်ဆိုရင် အေးအေးဆေးဆေးနဲ့ ပြောင်းပေးပါမယ်လို့ ကျွန်တော်တို့ တောင်းပန်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆိုင်ခန်းများကို မည်သည့်နေရာတွင် အစားထိုးပေးမည်ဆိုသည်ကိုလည်း အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ မြေနေရာအစားထိုးပေးရေးကိစ္စကို ပြည်နယ်အစိုးရအနေဖြင့် လုပ်ပေးမည့် အစီအစဉ် ရှိ၊ မရှိကိုလည်း မသိနိုင်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲမှူးကြီးကြည်လင်းက ပြောသည်။

“နဂိုကတည်းက ငှားရမ်းဆောင်ရွက်မှု  မလုပ်တော့ဘူးဆိုတာကို ကျွန်တော်တို့က လွန်ခဲ့တဲ့(၁၀) လက တည်းက အသိပေးပြီးဖြစ်ပါတယ်” ဟု  ၎င်းက ဆိုသည်။  

ပြည်နယ်အစိုးရအဖွဲ့က ကတိပေးထားသည့်အတိုင်း ဆိုင်ရောင်းရန် မြေနေရာတစ်ခု အမြန်ဆုံးချပေးရန် ဆိုင်ပိုင်ရှင်များက တောင်းဆိုကြသည်။

“ အခု ကျွန်တော်တို့က ဈေးရောင်းစားလို့ရတဲ့ အနေထားမရှိတော့ပါဘူး။ ပစ္စည်းတွေကို တစ်နေရာကို ပြောင်းရွှေ့နေရတဲ့ အနေထားပါ။  ဒီအချိန်မှာ အစိုးရကပေးထားတဲ့ ကတိအတိုင်း ကျွန်တော်တို့ကို ဈေးကွက်ဝင်တဲ့တစ်နေရာကို နေရာချပေးဖို့အတွက် အနူးအညွတ် ဆိုင်ခန်းပိုင်ရှင်တွေရဲ့ ကိုယ်စား မေတ္တာရပ်ခံပါတယ်” ဟု ဦးစိုးနိုင်က ပြောသည်။

ယင်းဆိုင်ခန်းပိုင်ရှင်တို့အား နေရာအသစ် စီစဉ်ပေးမည့်အစီစဉ်နှင့် ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို DMG ကို ဆက်သွယ်ရာတွင်  တိတိကျကျ မသိသေးဟု ဆိုသည်။

“ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဆိုင်ခန်းပိုင်ရှင်တွေဘက်က အသနားခံစာ တင်ထားတာတွေရှိတယ်။ အဲဒီမှာ ဘယ်နေရာကို ပေးမလဲဆိုတာကတော့ ကျွန်တော်တို့ သေချာမသိသေးဘူး။ သိတဲ့အခါ ပြန်ပြောပေးပါ့မယ် ” ဟု ဦးဝင်းမြင့်က ပြောသည်။

ယင်းရဲစခန်း ဘေးပတ်လည်တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ ပန်းထိမ်ဆိုင်း၊ အထည်ဆိုင်၊ စတိုးဆိုင်၊ ဖုန်းပြုပြင်ရေးဆိုင်၊ အလှပြင်ဆိုင်၊ ဆေးဆိုင်နှင့် ပလက်စလစ်ပစ္စည်းအရောင်းဆိုင် စသည့်ဆိုင်ခန်းများ ရှိသည်။

အဆိုပါ ဆိုင်ခန်းများကို ၁၉၉၀ နောက်ပိုင်းကစတင်ပြီး ရဲတပ်ဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် အဆောက်အဦးများဝယ်ကာ မြေနေရာငှားရမ်းခကို ရဲစခန်းမှာ လစဉ်ကြေးပေးသွင်းပြီး  ရောင်းချနေကြခြင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

ဓာတ်ပုံ - ကိုစိုးနိုင်

 

ဗီဒီယိုများ