ရန်ကုန်၊ ပဲခူး၊ မန္တလေးအပါအဝင် မကွေး၊ မွန် တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ ရှာဖွေဖမ်းဆီးမှု ပိုမိုစိပ်လာ

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေးနှင့် မွန်ပြည်နယ်ရှိ မြို့နယ်များမှ လူငယ်များကို မြန်မာစစ်ကောင်စီတပ်များမှ ရှာဖွေကာ အတင်းအကျပ်ဖမ်းဆီးမှုများ ယခု ဒီဇင်ဘာလ ပထမအပတ်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

14 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၄

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေးနှင့် မွန်ပြည်နယ်ရှိ မြို့နယ်များမှ လူငယ်များကို မြန်မာစစ်ကောင်စီတပ်များမှ ရှာဖွေကာ အတင်းအကျပ်ဖမ်းဆီးမှုများ ယခု ဒီဇင်ဘာလ ပထမအပတ်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ လှိုင်၊ လှိုင်သာယာနှင့် ထန်းတပင်မြို့နယ်တို့တွင် ဒီဇင်ဘာ ၁၂ ရက် ည ၁၁ နာရီခွဲ ကျော်အချိန်တွင် စစ်ကောင်စီတပ်အင်အားအများအပြားဖြင့် ဧည့်စာရင်း စစ်ဆေးသည်ဟုဆိုပြီး ရပ်ကွက်များရှိ လူနေအိမ်များနှင့် အဆောင်များမှ နေထိုင်သူများကို သေနတ်ချိန်ရွယ်အပြင်သို့ ထွက်ခိုင်းခဲ့ကာ တန်းစီထိုင်ခိုင်းစေပြီး နေအိမ်အခန်းအတွင်းစစ်ဆေး၍ လက်ကိုင်ဖုန်းများကိုပါ ကြည့်ရှုခဲ့ပြီးနောက် လူငယ်ယောက်ျားလေးအများစုကို ကြိုးတုပ်ရိုက်နှက် ဖမ်းဆီးသွားခဲ့မှုများရှိကြောင်း ဒေသခံများမှဆိုသည်။

မြန်မာစစ်ကောင်စီတပ်များမှ လူငယ်ယောက်ျားလေးအများစုကို ဖမ်းဆီးခေါ်ဆောင်ချိန်တွင် နေအိမ်များကို အပြင်မထွက်ရန် သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ဆဲဆိုမှုများပြုလုပ်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ဒေသခံတစ်ဦးက DMG ကိုပြောသည်။

"ရပ်ကွက်ထဲကို သူတို့ (စစ်ကောင်စီ) အင်အားအများကြီးနဲ့ ရပ်ကွက်ထဲက လူငယ်ယောက်ျားလေးတွေကို ဒူးထောက်ထိုင်ခိုင်းပြီး စစ်ဆေးနေပါတယ်။ ပြီးတော့ အဲ့က အိမ်တွေအခန်းတွေထဲက လူတွေကို ထွက်မကြည့်နဲ့။ ထွက်ကြည့်ရင် အပစ်ခံရမယ်ဆိုပြီးတော့ အော်ဟစ်ဆဲဆိုပါတယ်။" ဟု အဆိုပါဒေသခံတစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်အတွင်း၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် မနက်အစောပိုင်းအချိန်တွင် မြန်မာစစ်ကောင်စီတပ်တို့ တပ်စွဲထားရာနေရာသို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမှ အဝေးဗုံးပစ်ခတ်မှုအပြင် မိုင်းခွဲမှုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒဂုံဧရာအဝေးပြေးကွင်းနှင့် အနီးအနားရှိရပ်ကွက်များသို့ မနေ့ ည ၁၂ နာရီအချိန်တွင် စစ်ကောင်စီတပ်များမှ အင်အားအလုံးအရင်းဖြင့် သေနတ်ပစ်ဖောက်ကာ ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ပြီး လူငယ် ၃၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း လှိုင်သာယာဒေသခံတစ်ဦးက ဆိုသည်။

"မနေ့ ညနက်ပိုင်း ၁၂ နာရီ လောက်ကပေါ့။ စစ်သားကော ရဲကော အင်အား ၅၀ လောက် ရပ်ကွက်လမ်းတွေကို ပိတ်ပြီးတော့ ဧည့်စာရင်းစစ်တယ်။ အဲတာလဲပြီးကော လူငယ်လေးတွေ ယောက်ျားလေးတွေ အယောက့် ၃၀ လောက်ရှိမယ်။ သေနတ်ဖောက်ပြီးဖမ်းခေါ်သွားတာ တွေ့ခဲ့ရတယ်။" ဟု ပြောသည်။

ပဲခူးတိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလပထမပတ်အတွင်း ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗုံးထောင်ဖောက်ခွဲမှုကြောင့် မြန်မာစစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အင်အား ၃၀ ကျော်ထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ပဲခူးမြို့တွင် ဒီဇင်ဘာ ၁၃ ရက် မနက်၈နာရီခွဲအချိန်၌ ပြင်စီမီးပွိုင့်၊ မဟာမြိုင်၊ မဇင်း ၁ လမ်း၊ ဘူတာရုံကုန်းဆင်းလမ်း၊ အ.ထ.က ၃ ကျောင်း ကုန်းကျော်တံတားထိပ်နှင့် မြို့ဝင်မြို့ထွက် တိုးဂိတ်များတွင် စစ်ကောင်စီတပ်နှင့် ရဲအင်အားအများအပြားဖြင့် လက်ကိုင်ဖုန်းများ စစ်ဆေးကြည့်ရှုစစ်ဆေးနေပြီး ဖမ်းဆီးမှုများရှိနေကြောင်း မြို့နေဒေသခံတစ်ဦးမှပြောသည်။

"လက်ကိုင်ဖုန်းတွေကို ယူပြီးစစ်ဆေးတာရှိတယ်။ မြို့တွင်းကောအပြင်ကောပေါ့။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ CRPH တို့ PDF တို့ ပရိုဖိုင်တွေ့တဲ့ သူအကုန်ဖမ်းတယ်။ စစ်ကြောရေးကို တခါထဲပို့ခံရတယ်" ဟု အဆိုပါဒေသခံမှဆိုသည်။

မကွေးတိုင်းဂန့်ဂေါမြို့တွင် မနေ့ ညနေပိုင်း ၅ နာရီ အချိန်တွင် စစ်ကောင်စီတပ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာအနီးအနားမှ မြို့ခံသုံးဦးထက်မနည်း ဖမ်းဆီးမှုများရှိခဲ့သည်။

မွန်ပြည်နယ်ရှိမော်လမြိုင်၊ ရေး၊ သံဖြူဇရပ် မုတ္တမ၊ ပေါင်နှင့်သထုံ မြို့နယ်တို့၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်မှုကြောင့် စစ်ကောင်စီတပ်များ ရပ်ကွက်အတွင်းသို့ ဝင်ရောက်စစ်ဆေးရာမှ လူငယ်တချို့ကို အင်အားသုံးရိုက်နှက်ဖမ်းဆီးမှုများရှိလာကြောင်း ဒေသခံများမှပြောသည်။

ပေါင်မြို့နယ်မုတ္တမရှိ သံလွင်တံတား(မော်လမြိုင်) အဆင်းရှိရပ်ကွက်တွင်ဒီဇင်ဘာ ၁ ရက်နေ့တွင် PDF နှင့်ဆက်နွယ်သည်ဟုဆိုကာ ရပ်ကွက်အတွင်းစိတ်မနှံသူတစ်ဦးအပါအဝင်လူငယ် ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်များ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အသက် ၄၀ နှစ်ကျော်ရှိ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှာ သေနတ်ဒင်ဖြင့် ထုနှက်ခံရမှုကြောင့် သတိလစ်သည်အထိဖြစ်ရကြောင်းမုတ္တမမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

"အဖမ်းခံရတဲ့ ဦးလေးက ကြပ်မပြည့်ဘူး။ ကောင်လေးတွေကိုလည်း အတင်းရိုက်နှက်ပြီးဖမ်းသွားတာ။ PDF နဲ့ ဆက်နွယ်တယ်ဆိုပြီးတော့။ ဖမ်းတာတောင်မကဘူး အဲဒီအိမ်က ယိုးဒယားဆိုင်ကယ် ၇ စီး ရယ် ငွေသိန်းနှစ်ရာရယ် လပ်တော့ကွန်ပျူတာ ၂ လုံး ကိုပါ သိမ်းသွားပါတယ်။ အဖမ်းခံရတဲ့ ကောင်လေးတွေကို ဖွက်ပေးတယ်ဆိုပြီး အဲ့ကအန်တီကြီးကိုလည်း သေနတ်ဒင်နဲ့ ထုရိုက်လို့ သတိမေ့သွားခဲ့ပါသေးတယ်။" ဟု အဆိုပါနေထိုင်သူက ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့တွင် ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်၌ အ.ထ.က (၄) ကျောင်းရှေ့သို့ ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်တစ်ဦးဖြစ်သည့်အသက်၂၁ နှစ်အရွယ်ကို ဆန်းလင်းထက်ဆိုသူကို စစ်ကောင်စီတပ်များမှ အရပ်သုံးဆလွန်းကားတစ်စီးဖြင့် လိုက်လံတားဆီးပြီးရိုက်နှက်ဖမ်းဆီးမှုရှိခဲ့သည်။

သထုံမြို့တွင်လည်းမွန်-သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ဗုံးဖောက်ခွဲမှုကြောင့် စစ်ကောင်စီ တပ်သား ၆ ဦးထက် မနည်းသေဆုံးခဲ့ကာ ဒေသခံ ၂၀ ဦးထက်မနည်း အကြမ်းဖက်ဖမ်းဆီးခြင်းခံထားရသည်။

မြန်မာစစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလမှ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရသူ (၇၉၅၄) ဦးရှိပြီး (၃၈၅) ဦးမှာ ထောင်အကျဉ်းချခံထားရသည်။

ထိုအကျဉ်းသားများမှ (၇၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရပြီး အသက် ၁၈ နှစ်အောက် ကလေး နှစ်ဦး ပါဝင်နေပြီး ဖမ်းဝရမ်းအထုတ်ခံရသူ (၁၉၆၄) ဦးမှာ တိမ်းရှောင်နေရသည်။

မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း မျက်ကွယ်ထောင်ဒဏ်ပေးခံရသူ (၁၁၈) ဦးရှိနေပြီး ၁၃၂၉ ဦးမှာ အသက်သေဆုံးခဲ့ရသည့်အပြင် လက်ရှိ ပမာဏထက် များပြားနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ