စစ်တွေတွင် ကျပန်း သွေးနမူနာ လူ ၅၀၀ ကျော် ဆေးစစ်ရာတွင် ကိုဗစ်ပိုးတွေ့ရှိသူများ ရှိနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူပေါင်း (၅၅၀) ကို ကျပန်း သွေးနမူနာများစစ်ဆေးခဲ့ရာတွင် ကိုဗစ်ပိုးတွေ့ရှိသူများ တွေ့ရှိရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

04 Sep 2020

ကျော်သူဌေး | DMG
စက်တင်ဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူပေါင်း (၅၅၀) ကို ကျပန်း သွေးနမူနာများစစ်ဆေးခဲ့ရာတွင် ကိုဗစ်ပိုးတွေ့ရှိသူများ တွေ့ရှိရကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ထိရောက်မှုရှိစေရန်နှင့် ကူးစက်ပြန့်ပွားမှု မြန်ဆန်နေသည့် စစ်တွေမြို့နယ်အတွင်းက ပြည်သူများတွင် ဗိုင်းရပ်စ်ပိုး မည်မျှကူးစက်နေသည်ကို သိရှိရန်အတွက် ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် ယခုကဲ့သို့ ကျပန်း သွေးနမူနာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ မိဇံ၊ ကုန်တန်း၊ အိုးတန်း၊ ဓညဝတီစသည့် ရပ်ကွက်များနှင့် မြို့မဈေးတို့တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးရာတွင် ရောဂါပိုးရှိသူ အနည်းငယ်တို့ကို တွေ့ရှိထားကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ပိုးတွေ့လူနာအရေအတွက်က မသိသေးဘူး။ စစ်နေတုန်းပဲ။ အများကြီးမတွေ့ဘူး။ နည်းတယ်” ဟု ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

စစ်တွေတွင် အများပြည်သူနှင့်သက်ဆိုင်သော နေရာများဖြစ်သည့် ဆေးရုံ၊ ဈေး၊ ဘဏ်၊ လေဆိပ်၊ ရပ်ကွက်နှင့် ကယ်ဆယ်ရေးစခန်းများတွင် ကျန်ပန်းစနစ်ဖြင့် သြဂုတ်လ ၃၁ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်သူများအနေဖြင့် ငွေကြေးတစ်စုံတစ်ရာ ရရှိမှာမဟုတ်သလို၊ ပထမအဆင့် သွေးနမူနာစစ်ဆေးပြီး Positive ပြပါက ကာယကံရှင်၏ခွင့်ပြုချက်ဖြင့် နှာခေါင်းတို့ဖတ် နမူနာများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

ယင်းမှတစ်ဆင့် ရောဂါပိုးတွေ့ရှိလျှင် သီးခြားထားရှိပြီး အခမဲ့ဆေးကုသပေးမည်ဖြစ်ကာ ပိုးတွေ့ရှိသူ၏ မိသားစုအပါဝင် အခြားထိတွေ့သူများကိုလည်း ခွင့်ပြုချက်ဖြင့် ဓာတ်ခွဲနမူနာ ရယူသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့ လူနာအရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ များပြားလာနေပြီး ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းအထိ ကျန်းမာရေးနှင့် အားကာစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ (၄၉၆)ဦး ရှိသွားပြီဖြစ်သည်။

ဗီဒီယိုများ