တပ်မတော်နှင့် AA တိုက်ပွဲကြောင့် မွတ်ဆလင် (၂၀၀၀)ကျော် စစ်ဘေးဒဏ်ခံစားနေရ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင် (၂၀၀၀)ကျော် စစ်ဘေးဒဏ်ခံစားနေရသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG ကို ပြောသည်။

By ဝင်းညွန့် 16 Dec 2019

ဝင်းညွန့် | DMG
ဒီဇင်ဘာ ၁၆၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မွတ်ဆလင် (၂၀၀၀)ကျော် စစ်ဘေးဒဏ်ခံစားနေရသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က DMG ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်၊ ဝရစ်ကျွန်း၊ ဆေးအိုးကျ၊ ဘုရားပြင်အောင်ပ စသည့်ကျေးရွာများရှိ ဆွေမျိုးနေအိမ်များတွင် ခိုလှုံနေထိုင်နေကြသည်။ ၎င်းတို့ကို ICRC နှင့် WFP တို့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားသည်ဟု ဦးရွှေလှအောင်က ပြောသည်။

“ သူတို့ကိုတော့ ICRC ရယ်၊ WFP အဖွဲ့တို့က ထောက်ပံ့ပေးထားတယ်။ နေတာကတော့ ဆွေးမျိုးအိမ်တွေမှာ အိမ်ဆောက်ပြီးနေကြတယ်။ ဘုရားပြင်အောင်ပမှာတော့ စာသင်ကျောင်းမှာထားတယ်။ သိပ်အခက်ခဲတော့ မရှိဘူး ” ဟု ၎င်းကဆိုသည်။

ဖုံညိုလိပ်ကျေးရွာတွင် စစ်ဘေးရှောင် (၁၇၀၀)ကျော်၊ ဝရစ်ကျွန်းတွင် စစ်ဘေးရှောင် (၇၀)ကျော်၊ ဆေးအိုးကျ ကျေးရွာတွင် စစ်ဘေးရှောင် (၁၇၀)ဦးနှင့် ဘုရင်းပြင်အောင်ပကျေးရွာတွင် စစ်ဘေးရှောင် (၁၀၀)ကျော်ရှိသည် ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့ကို မြန်မာ့တပ်မတော်က ပြန်လည်တိုက်ခိုက်စဉ်ကလည်း အခက် အခဲများနှင့်ရင်ဆိုင်ခဲ့ရသည်။ တပ်မတော်က ပြန်လည်တိုက်ခိုက်ခဲ့မှုကြောင့် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားရသည်ဟုလည်း ကုလသမဂ္ဂက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တိုက်ပွဲကြောင့် ရခိုင်စစ်ဘေးရှောင် (၁)သိန်းနီးပါး အထိရှိပြီး စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်တွင် WFP နှင့် ICRC တို့ကလွဲပြီး တခြား နိုင်ငံတကာအဖွဲ့အစည်းများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဘေးရှောင်များကို ကူညီခွင့်ပိတ်ပင်ထားသည်။ ထို့ကြောင့် စစ်ဘေးဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲများ ပိုမိုဖြစ်ပေါ်နေသည်။

ထို့အပြင် စစ်ဘေးဒုက္ခသည်များ အဓိက ခိုလှုံနေသည့် မြို့နယ်(၅)ခုတွင်လည်း အင်တာနက်အသုံးပြုခွင့်ကို ပြီးခဲ့သည့် ဇွန်လကစတင်ကာ ပိတ်ထားသည်။ ထို့ကြောင့် ပြည်သူများ သတင်းအချက်အလက်သိရှိပိုင်ခွင့် ဆုံးရှုံးသွားပြီး စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေး ကိစ္စများတွင် အခက်အခဲဖြစ်ပေါ်နေသည်။

Related Posts :

ဘူးသီးတောင်တွင် ကျည်စထိမှန်မှုကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မွတ်ဆလင်ကျေးရွာကို လက်နက်ကြီးကျည်ထိမှန်မှုကြောင့် နေအိမ်အချို့မီးလောင်

ဗီဒီယိုများ